Saturday, December 23, 2023

အခုလို လူငယ်နှင့် စာပေအနုပညာပွဲတော်ကြီးကို ကျင်းပပေးတဲ့အတွက် လာရောက်လေ့လာကြည့်ရှုကြတဲ့ လူငယ်တွေအနေနဲ့ အနာဂတ်ကာလမှာ ဘာတွေဆက်လုပ်သင့်တယ်ဆိုတဲ့ အတွေးအမြင်တွေကိုပါ ရရှိစေမယ်လို့ ယုံကြည်ပါတယ်။

 


ကိုဝင်းထိုက်အောင်

လက်ထောက်ကထိက

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်

ရေကြောင်းကဏ္ဍပြခန်းတာဝန်ခံ

ရေကြောင်းကဏ္ဍပြခန်းမှာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ကနေ ပြခန်းပြကွက် အဓိကသုံးမျိုးခွဲပြီး ပြသထားပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ၊ လေကြောင်းပို့ဆောင်ရေး ကဏ္ဍ၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍဆိုပြီး အားလုံးသုံးမျိုး ပြသထားပါတယ်။ ရေကြောင်းကဏ္ဍမှာ ဆိုရင် ဌာနကြီးခြောက်ခုဝင်ပြီး ပြသထားပါတယ်။ အဲဒီဌာနတွေ ကတော့ ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေကြောင်းညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ်နဲ့ မြန်မာ နိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်ကနေ တာဝန်ကျတဲ့အတွက် လာရောက်ရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူငယ်နှင့် စာပေပွဲတော် စတင်ကျင်းပကတည်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ပါဝင်ပြသခဲ့ပါတယ်။ ဒီနှစ်မှာတော့ လူငယ်တွေက သင်္ဘောကို ပိုပြီးစိတ်ဝင်စားမှု ရှိလာတယ်။ တက္ကသိုလ်တွေမှာလည်း ရေကြောင်းတက္ကသိုလ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်တို့ကို တက်ရောက်ပြီး လူငယ်တွေအနေနဲ့ သင်္ဘောအရာရှိဖြစ်နိုင်မယ့် လမ်းကြောင်းတွေကို စိတ်ဝင်တစားမေးမြန်းကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကမ်းရိုးတန်းပိုင်နက်အနေနဲ့ မိုင် ၁၀၀၀ ကျော်ပိုင်ပါတယ်။ ရခိုင်ကနေ တနင်္သာရီအထိ ကမ်းရိုးတန်း မိုင်ထောင်ချီပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ရေကြောင်းကဏ္ဍနဲ့ပတ်သက်ပြီး လုပ်ငန်းဆောင်တာတွေ အများကြီးရှိပါတယ်။ သင်္ဘောတည်ဆောက်ရေးအပိုင်း၊ ကမ်းရိုး တန်းမှာရှိတဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ နိုင်ငံအချင်းချင်း ကုန်စည်စီးဆင်းမှုတွေမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ အများကြီးလုပ်နိုင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ရေကြောင်းအကျိုးစီးပွားလို့ပြောရင်လည်း ရပါတယ်။ အဲဒီရေကြောင်းအကျိုးစီးပွားကို လူငယ်တွေအနေနဲ့ စိတ်ဝင်စားလာမယ်၊ မြန်မာနိုင်ငံမှာ ကျွမ်းကျင် တဲ့ပညာရှင်တွေ အများကြီး ပေါ်ပေါက်လာမယ်ဆိုရင် ပြခန်းပြကွက်အနေနဲ့ လာရောက်ပြသရတာ ပင်ပန်းရကျိုးနပ်မယ်လို့ ထင်ပါတယ်။

မောင်လင်းထက်နိုင်

Grade(9)

အထက(၅) နေပြည်တော်

အခုကျင်းပနေတဲ့ လူငယ်နှင့် စာပေအနုပညာပွဲတော်ကို လာရောက်ဖြစ်ခဲ့တာကတော့ ကျောင်းကစီစဉ်ပေးလို့ ဖြစ်ပါတယ်။ အခုပွဲတော်မှာ တော်တော်များများ လေ့လာကြည့်ရှုပြီးပါပြီ။ အများစုကြည့်ရှုဖြစ်ခဲ့တာကတော့ ဗဟုသုတရရှိစေမယ့်အရာတွေများပါတယ်။ စာပေဖတ်ရှုမှုအနေနဲ့ ကတော့ စာပေါင်းစုံအကုန်ဖတ်ပါတယ်။ စာပေဆိုတာ လေ့လာနိုင်လေလေ ပိုကောင်းတာဖြစ်တာမို့ ဘယ်လိုစာပေမျိုးမဆို အကုန်ဖတ်တာပါ။ အခုလိုလူငယ်နှင့် စာပေအနုပညာပွဲတော်ကြီးကို ကျင်းပပေးတဲ့အတွက် လာရောက်လေ့လာကြည့်ရှုကြတဲ့ လူငယ်တွေအနေနဲ့ အနာဂတ်ကာလမှာ ဘာတွေဆက်လုပ်သင့်တယ်ဆိုတဲ့ အတွေးအမြင်တွေကိုပါ ရရှိစေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်နဲ့ အတန်းဖော်သူငယ်ချင်းအများစုကလည်း အွန်လိုင်းမှာ ဖတ်ရတဲ့စာထက် စာအုပ်စာစောင်တွေကို ဖတ်ရတာကို ပိုပြီးနှစ်ခြိုက်ကြပါတယ်။ အခြားသူငယ်ချင်းတွေကိုလည်း အသိပညာဗဟုသုတတွေ ရရှိစေဖို့ စာဖတ်ကြပါလို့ တိုက်တွန်း ချင်ပါတယ်။

ဒေါ်ကလျာချောစု

ဒုတိယညွှန်ကြားရေးမှူး

အမျိုးသားပြတိုက်(နေပြည်တော်)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြခန်းတာဝန်ခံ

(၇၆)နှစ်မြောက် လူငယ်နှင့် စာပေအနုပညာပွဲတော်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စာပေအရေးသား ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းအချက်အလက်တွေကို ခင်းကျင်းပြသထားပါတယ်။ အုတ်ခွက်စာ၊ မင်စာ၊ စဉ့်ကွင်းစာတွေ၊ ရွှေပေချပ်တွေ၊ စောလူမင်းကျောက်စာ၊ ကျန်စစ်မင်းကျောက်စာတွေကို အထောက် အထားတွေနဲ့တကွ စာပေနဲ့ပတ်သက်တဲ့ သမိုင်းစာတွေကို လာရောက် ခင်းကျင်းပြသတာ ဖြစ်ပါတယ်။ ကမ္ဘာကနေ အသိအမှတ်ပြုတဲ့ မြန်မာ့စာပေယဉ်ကျေးမှု အမွေအနှစ်ရရှိတဲ့ လောကမာရဇိန်ကုသိုလ်တော်ဘုရားကျောက်စာဟာဆိုလို့ရှိရင် သမိုင်းဝင်ကျောက်စာလည်းဖြစ်ပါတယ်။ အချပ်ရေပေါင်း ၇၂၉ ချပ် ရှိပြီး ၁၉၆၀ ကနေ ၁၉၆၈ ခုနှစ် အထိရေးထိုးခဲ့တဲ့ ကုသိုလ်တော်ဘုရားကျောက်စာဟာ ကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ် သတ်မှတ် နိုင်ဖို့ ကျောက်ထက်အက္ခရာတင်ထားတဲ့ အပြည့်စုံဆုံးတစ်ခုတည်းသော၊ တစ်မူထူးခြားသော မှတ်တမ်း အမွေအနှစ်ဖြစ်တဲ့အတွက် ၂၀၁၃ ခုနှစ် ဇွန်လ ၁၈ ရက်မှာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ကော်မတီရဲ့ (၁၁) ကြိမ်မြောက် အစည်းအဝေးမှာ ကမ္ဘာ့အမွေအနှစ်မှတ်တမ်းရရှိခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်မတို့ဌာန ကိုယ်စားပြုအနေနဲ့ ထည့်သွင်း ပြသထားတာဖြစ်ပါတယ်။ မြစေတီကျောက်စာဆိုရင်လည်း အဲဒီလိုပဲ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့ အမွေအနှစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် အလောင်းမင်းတရား ကြီးရဲ့ ရွှေပေလွှာဆိုရင်လည်း ဂျာမနီ၊ အင်္ဂလန်နဲ့ မြန်မာစတဲ့ သုံးနိုင်ငံပေါင်းပြီး လက်မှတ်ရေးထိုးမှ ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်ရရှိခဲ့တာဖြစ်ပါတယ်။ အလောင်းမင်းတရားကြီးရဲ့ ရွှေပေလွှာဟာဆိုရင် အလောင်းမင်း တရားကြီး ပေးပို့လိုက်တဲ့ မူရင်းစာအရေးအသားတွေကို ဖော်ပြထားပါတယ်။ ခေတ်သုံး အရေးအသားတွေကိုလည်း လူငယ်တွေ လေ့လာနိုင်အောင် ခင်းကျင်းပြသထားပါတယ်။ ခေါင်းလောင်းစာ ဆိုရင်လည်း ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့တယ်။ အဲဒီလို ခင်းကျင်းပြသထားတာဟာ ကျွန်မ တို့နိုင်ငံက လူငယ်တွေအနေနဲ့ ကိုယ့်နိုင်ငံနဲ့ လူမျိုးကို လူငယ်တွေ ဂုဏ်ယူရအောင် ဒီပြခန်းမှာ ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။ မြန်မာ့စာပေသမိုင်းကို ကမ္ဘာကတောင် အသိအမှတ်ပြုရပါလားဆိုတဲ့အသိ လူငယ်တွေရဲ့ စိတ်ထဲမှာ စွဲထင်သွားအောင် ပြသ တာလည်းဖြစ်ပါတယ်။

မောင်ခန့်ဝေယံထွန်း

Grade(9)

CAE ကိုယ်ပိုင် အထက်တန်းကျောင်း

ကျွန်တော်က စာဖတ်တာကို ဝါသနာပါပါတယ်။ တက္ကသိုလ်ဘုန်းနိုင်၊ ဆရာမဂျူးနဲ့ အကြည် တော်တို့ရဲ့ စာအုပ်တွေကို အဖတ်များပါတယ်။ တက္ကသိုလ်ဘုန်းနိုင်ဆိုရင် အရင်ကအကြောင်းအရာ တွေကို သမိုင်းကြောင်းကိုပါ ပါအောင် ရေးထားတာဖြစ်လို့ ဖတ်လို့အရမ်းကောင်းသလို နိုင်ငံ ရေးနောက်ခံသမိုင်းတွေကိုလည်း သိရပါတယ်။ ဆရာမဂျူးရဲ့စာပေတွေကတော့ အမျိုးသမီးတွေ အတွက် ခွန်အားဖြစ်စေတဲ့စာတွေလို့ ထင်ပါတယ်။ ကျွန်တော်က တော့ အများအားဖြင့် စာအုပ်ကိုပဲ ဝယ်ဖတ်တာ များပါတယ်။ အွန်လိုင်းမှာ ဖတ်ရတာကြတော့ ဖုန်းနဲ့ဖတ်ရတာတွေရှိမယ်။ ကွန်ပျူတာနဲ့ ဖတ်ရတာရှိမယ်။ အဲဒီလိုဖတ်ရင် မျက်လုံးကိုလည်း ထိခိုက်စေမယ်။ ဖုန်းကိုလည်း အချိန်ပေးသလိုလည်းဖြစ်မယ်။ စာအုပ်ဖတ်ရတဲ့အနှစ်သာရကတော့ ပိုပြီးကောင်းတယ်လို့ ထင်ပါတယ်။ တက္ကသိုလ်ဘုန်းနိုင် စာအုပ်တွေဖတ်တဲ့အခါ အချစ်အကြောင်းတွေဆိုပေမယ့် သမိုင်း အကြောင်းအရာတွေသိရတယ်။ စာဖတ်တဲ့သူက အများနဲ့ယှဉ်ရင်လည်း စာဖတ်ထားတဲ့အတွက် အားငယ်စရာမရှိဘူး။ စာမဖတ်တဲ့လူကတော့ ဗဟုသုတလည်း မရှိသလို တွေးခေါ်မြော်မြင်နိုင်စွမ်း လည်း မရှိတာကြောင့် လူပုံအလယ်မှာ အားငယ်ရတာတွေ ရှိတာတွေရှိတယ်။ ဒါကြောင့် မိတ်ဆွေအပေါင်းအသင်းတွေကို လည်း စာဖတ်ဖို့တိုက်တွန်းလိုပါတယ်။ အခုလိုမျိုး လူငယ်နှင့် စာပေအနုပညာပွဲတော်တွေကိုလည်း နှစ်စဉ်ကျင်းပပေးနိုင်မယ်ဆိုရင် ပွဲတော်ကိုလာရောက်တဲ့ လူငယ်မောင်မယ်တွေလည်း အသိပညာဗဟုသုတတွေရရှိဖို့ ဘာဆက်လုပ်ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ မြင်မိပါတယ်။

မသီရိမေ

Grade(9)

အထက-ညောင်လွန့်

သမီးကတော့ အခြေခံပညာအထက်တန်းကျောင်း (ညောင်လွန့်) မှာ ပညာသင်ယူနေတဲ့ မသီရိမေဖြစ်ပါတယ်။ အခုကျင်းပနေတဲ့ လူငယ်နှင့် စာပေအနုပညာ ပွဲတော်ကို ကျောင်းအစီအစဉ်နဲ့ လာရောက်လေ့လာခြင်း ဖြစ်ပါတယ်။ ကျောင်းပညာသင်ကြားနေချိန်ဖြစ်လို့ ပြင်ပစာတွေတော့ သိပ်မလေ့လာဖြစ်သေးပါဘူး။ အခုလူငယ်နှင့် စာပေအနုပညာပွဲတော်ကို ရောက်ရှိလေ့လာခွင့်ရ တဲ့အချိန်မှာ ကျောင်းစာအပြင် ပြင်ပက ဗဟုသုတရရှိစေမယ့် စာပေတွေကို လေ့လာရမယ်ဆိုတာ သမီးအနေနဲ့ သိခွင့်ရရှိခဲ့ပါပြီ။ စာမေးပွဲပြီးရင်တော့ ပြင်ပစာပေဗဟုသုတတွေကို အချိန်ရရင်ရသလို လေ့လာမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ဗလငါးတန်နှင့် ပြည့်စုံသော ထူးချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်း လာစေရန် ရည်ရွယ်ကျင်းပသော (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်လာ လူငယ်မောင်မယ်များ၊ အသိပညာဗဟုသုတများကို စိတ်ဝင်စားဖွယ် ခင်းကျင်းပြသလျက်ရှိသော ပြခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြ လိုက်ရပါကြောင်း။ ။

တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ-အလင်းသစ်၊ နေမျိုး

No comments:

Post a Comment