ရန်ကုန် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ပုဂံခေတ်လက်ကျန်သမိုင်းဝင်ကန်သုံးကန်ကို ပြန်လည်မွမ်းမံမှုများပြုလုပ်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
ပြန်လည်မွမ်းမံနေသည့် ကန်သုံးကန်မှာ ပုဂံခေတ်ကပင်အသုံးပြုခဲ့သည့် အလံပုဂံကန်၊ ဒေသအခေါ်အလယ်ကန်ခေါ် မရိုးကန်နှင့် နွံလက်တစ်ဖက်ကန်တို့ဖြစ်ကြကြောင်း သိရသည်။
“အရင်တုန်းက ပုဂံခေတ်က ရှိခဲ့တဲ့ရေကန်တွေကို ပြန်ပြီးကွင်းဆင်းနေတာပါ။ ရေကန်အရင်တုန်းကတော့ ကန်ပေါင်း ၁၀၀ ကျော်ရှိတယ်။ အဲဒါရှိမရှိ ကျွန်တော်တို့ပြန်စစ်တာ ၇၀ ကျော်တော့ ကျွန်တော်တို့ရတယ်။ ပုဂံခေတ်ကတည်းက ကန်ကြီးသုံးကန်ကို မတူးဘူး။ ပေါင်တွေပြန်မြှင့်တယ်။ ပြန်မြှင့်တဲ့နေရာမှာလည်း မြေကိုဘူဒိုဇာ ဒီဝန်းကျင်ကမယူ အချို့ကန်တွေရှိတဲ့ ပို့ချမြေတွေကိုယူတယ်။ အဲဒါကလည်း ရှေး/ သုကချပေးတဲ့ ဂိုက်လိုင်းနဲ့အညီလုပ်တာပါ” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက ပြောသည်။
ပုဂံဒေသတစ်ခုလုံးကို ယူနက်စကို ကော်မတီဝင် ၂၁ နိုင်ငံက ကန့်ကွက်မှုမရှိဘဲ အတည်ပြုခဲ့
မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံသည် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပြီး ဘုရား တစ်ဆူချင်းအနေဖြင့်မဟုတ်ဘဲ ပုဂံဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုကော်မတီဝင် ၂၁ နိုင်ငံက ကန့်ကွက်မှုမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်က ပုဂံငလျင်လှုပ်ခဲ့ရာ ထိခိုက်ခဲ့ရသည့် ဘုရားများအားလုံးပြင်ဆင်ပြီးစီးသွားပြီဖြစ်ကြောင်းလည်း သိရသည်။
၂၀၂၁ ခုနှစ် ရေကြီးမှုဖြစ်စဉ်နှင့် မိုခါမုန်တိုင်းဝင်ရောက်မှုကြား ကာလအတွင်း စီမံခန့်ခွဲမှုများကို ပြန်လည်လေ့လာကာ ကျုံးများထဲသို့ ရေဝင်ရောက်မှုမဖြစ်စေရန် မြောင်းသုံးခုတူးခဲ့ပြီး ရေကြီးရေလျှံမှုဘေးမှ အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
“ဘုရားတွေကိုထိန်းသိမ်းတဲ့နေရာမှာလည်း ဘုရားတွေက ၃၈၃၇ ဆူရှိတာမို့ သေချာထိန်းသိမ်းနေပါတယ်။ ဘုရားရုပ်ပွားတော်တွေ ပြန်လည်ပြင်ဆင်တာတွေလုပ်နေတယ်။ စားပွဲတင်ဘုရားထိုင်တော်မူ ရုပ်ပွားတော် လေးဆူလည်းပြီးသွားပြီ”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။
သစ်တော်
No comments:
Post a Comment