Tuesday, December 5, 2023

စာပေမြင့်မှ နိုင်ငံမြင့်မယ်၊ နိုင်ငံမြင့်မှ လူမျိုးတင့်မယ်။ ဒါကြောင့် စာရေးဆရာတိုင်း စာပေသစ္စာဖြင့် စာပေလောကကို မြှင့်တင်ပေးစေလိုပါတယ်။ ယနေ့ခေတ်လူငယ်တချို့က သူတို့ဘာဖြစ်ချင်မှန်းကို မသိကြဘူး

 


စာရေးဆရာတင်တော်

ရန်ကုန် ဒီဇင်ဘာ ၄

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-



ဘာသာရပ် - ဝတ္ထုတို

စာရေးသူ - တင်တော်

ဆုအမျိုးအစား - ပထမ

တုမဲ့နှုန်း၍ ရွှေဘုန်းမော်နိုင်ပါစေ ဝတ္ထုတိုပေါင်းချုပ်ဖြစ်ပါတယ်။ ဝတ္ထုတိုက ရှစ်ပုဒ်ပါဝင်ပြီး နှစ်နှစ်ကြာ အချိန်ယူရေးသားခဲ့ပါတယ်။ ဖြစ်ပေါ်လာတဲ့ ပြဿနာ၊ အခက်အခဲတွေကို ရှောင်လွှဲလို့မရနိုင်ပေမယ့် လက်ရှိအခြေအနေမှာ ဘယ်လိုပြောင်းလဲကျော်ဖြတ်မလဲဆိုတဲ့ ဘဝရဲ့ အားမာန်နဲ့ အသိခွန်အားတွေကိုဖြစ်စေတဲ့ ဝတ္ထုတိုတွေ ဖြစ်ပါတယ်။

၁၉၇၄-၇၈ ကာလ မန္တလေးဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ် ကျောင်းသားဘဝက ကိုမောင်လွမ်းလု (ထီလာ)ဆိုတဲ့ ကလောင်အမည်နဲ့ ကဗျာနဲ့ ဝတ္ထုတိုတွေ စတင်ရေးသားခဲ့ပါတယ်။ ဘွဲ့ရပြီး နိုင်ငံ့ဝန်ထမ်းဖြစ်တော့ စာမရေးဖြစ်ခဲ့ပါဘူး။ ၂၀၀၉ ခုနှစ်မှာ တင်တော်ဆိုတဲ့ ကလောင်အမည်နဲ့ မှုခင်းဂျာနယ် အတွဲ(၁၃)၊ အမှတ်-၂၄၅ မှာ မှုခင်းတွေကင်းပြီး ပျော်ရွှင်ဖွယ်ဘဝနေနည်း ဆောင်းပါးနဲ့ စာပေနယ်ကို ပြန်လည်ခြေချဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဥပဒေရေးရာအသိပညာပေးဆောင်းပါးတွေ၊ မှုခင်းဆိုင်ရာ အသိပေး၊ သတိပေးဝတ္ထုတိုတွေ အများအပြားရေးသားခဲ့ပါတယ်။ အရာထမ်းဘဝမှာ အငြိမ်းစားယူပြီး ၂၀၁၆ ခုနှစ်မှစတင်ပြီး ဘဝအတွေ့အကြုံတွေကို ဖတ်ချင့်စဖွယ် ရသမြောက်အောင် ပညာပေးအဖြစ် ရေးသားလျက်ရှိပါတယ်။

အခုဆုအပါအဝင် စာပေဆုခြောက်ဆုရရှိခဲ့လို့ ဝမ်းသာရခြင်းထက် ရွယ်သက်နဲ့ ရေးသက်အရ မိမိကိုယ်ကို ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ ဖော်ပြနိုင်လို့ ပိုပြီးဂုဏ်ယူမိပါတယ်။ စာပေမြင့်မှ နိုင်ငံမြင့်မယ်၊ နိုင်ငံမြင့်မှ လူမျိုးတင့်မယ်။ ဒါကြောင့် စာရေးဆရာတိုင်း စာပေသစ္စာဖြင့် စာပေလောကကို မြှင့်တင်ပေးစေလိုပါတယ်။ ယနေ့ခေတ်လူငယ်တချို့က သူတို့ဘာဖြစ်ချင်မှန်းကို မသိကြဘူး။ အဲလို ဘာဖြစ်ချင်မှန်းမသိတော့ ဘာလုပ်ရမှန်းမသိဘူး။ ဒါကြောင့် ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေ မှေးမှိန်ဝေဝါးနေကြတယ်။ အဲဒါဟာ စာမဖတ်လို့ပဲ။ ဘဝမှာ စာဖတ်ခြင်း ဖြင့်သာ တိုးတက်အောင်မြင်မှုကို ရရှိနိုင်ပါတယ်။ ဒါကြောင့် စာဖတ်ကြပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

စာရေးဆရာတင်တော်၏ အမည်ရင်းမှာ ဦးတင်ထွဏ်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် တဲစုကျေးရွာတွင် အဖ ဦးအေးလှိုင်နှင့် အမိဒေါ်တော်တို့က ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် မွေးဖွားခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ရူပဗေဒအဓိကဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အထက်တန်းရှေ့နေ (H.G.P)စာမေးပွဲ အောင်မြင်ခဲ့သည်။

ယခုအခါ စာရေးဆရာတင်တော်သည် မိတ္ထီလာမြို့၌ ဇနီးဖြစ်သူ ဒေါ်ပြုံးပြုံးလွင် (ကျောင်းဆရာမငြိမ်း)နှင့်အတူ နေထိုင်လျက်ရှိပြီး ရှေ့နေတစ်ဦးအဖြစ် အများပြည်သူအား ဥပဒေရေးရာကိစ္စရပ်များကို အကြံပေးကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဘာသာရပ် - စာပဒေသာ

စာရေးသူ - နေဇင်(ပေါက်ခေါင်း)

ဆုအမျိုးအစား - ပထမ

မြောက်ပိုင်းဒေသဘဝမှတ်တမ်း စာမူကို ၂၀၁၆ ခုနှစ်လောက် ကတည်းကစပြီး ရေးသားခဲ့ပါတယ်။ အချိန်ယူပြင်ဆင်တည်းဖြတ်ပြီးမှ ၂၀၂၂ ခုနှစ် စာပေဗိမာန်စာမူပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၆ ခုနှစ်အထိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ရဲဘော်ရဲဘက်တွေရဲ့ ရဲဘော်စိတ်ပြည့်ဝမှုတွေ၊ အရာရှိ/စစ်သည်တွေရဲ့ တစ်ဦးအပေါ်တစ်ဦးထားတဲ့ သံယောဇဉ်တရားတွေ၊ အခက်အခဲတွေကို အတူရင်ဆိုင်ကျော်လွှားခဲ့ကြတာတွေ၊ နယ်မြေခံပြည်သူလူထုရဲ့ ကျန်းမာရေး၊ ရပ်ရွာသာယာရေး တွေ တတ်စွမ်းသမျှ ဆောင်ရွက်ပေးခဲ့ပုံတွေကို ရေးသားထား ပါတယ်။

၂၀၀၆ ခုနှစ် ဇန်နဝါရီလထုတ် မင်္ဂလာမောင်မယ်စာစောင်မှာ ဖော်ပြခံရတဲ့ ငွေ ၁၅၀ နှင့် ကျွန်တော်၏စာရိတ္တ ဝတ္ထုတိုနဲ့ စာပေလောကထဲကို ရောက်ရှိလာခဲ့ပါတယ်။ အခုလက်ရှိတော့ စာနယ်ဇင်းတွေမှာ ကဗျာ၊ ဆောင်းပါး၊ ရသစာတမ်း၊ ဝတ္ထုတွေ ရေးသားလျက်ရှိပါတယ်။ ထွက်ရှိခဲ့တဲ့ စာအုပ်တွေအနေနဲ့တော့ ကလောင်စုံစုပေါင်းထုတ်တဲ့ ဝတ္ထုတိုပေါင်းချုပ် နှစ်အုပ်နဲ့ ၂၀၂၂ ခုနှစ် တပ်မတော်နေ့စာမူပြိုင်ပွဲ ဝတ္ထုရှည် ပထမဆုရတဲ့ စာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပါတယ်။

အခုလို ဆုရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ဆုရရှိမယ်လို့လည်း မျှော်လင့်မထားပါဘူး။ ဒီဆုဟာ ကျွန်တော်တစ်ယောက်တည်းရတဲ့ ဆုမဟုတ်ဘဲ ကျွန်တော့်ရဲဘော်ရဲဘက်တွေနဲ့အတူ ရရှိခဲ့တဲ့ဆုလို့ ဂုဏ်ယူစွာခံယူမိပါတယ်။ အကဲဖြတ်ပညာရှင်ကြီးတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်” ဟု ပြောကြားသည်။

စာရေးဆရာနေဇင်(ပေါက်ခေါင်း)အား အဖ ဦးမောင်မောင်လေး (အထက်တန်းပြ-ငြိမ်း) နှင့် အမိဒေါ်ခင်အေးဝင်းတို့က ၁၉၉၁ ခုနှစ် ဇွန် ၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါက်ခေါင်းမြို့နယ် ဓမ္မသော်ရွာ၌ မွေးဖွားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့ပြီး စစ်တက္ကသိုလ် အမှတ်စဉ်(၅၃)ဗိုလ်လောင်းသင်တန်းသို့ တက်ရောက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်(ကြည်း)၌ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရပြီး မိခင်တပ်ရင်းမှာ အမှတ် (၃၈၁) ခြေမြန်တပ်ရင်းဖြစ်သည်။

ယခုအခါ မြဝတီစာပေတိုက်တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး သုတကမ္ဘာဂျာနယ် တာဝန်ခံစာတည်းအဖြစ် ဆောင်ရွက်လျက်ရှိကာ စာပေများပြုစုရေးသားလျက်ရှိပြီး အမည်ရင်းမှာ ဗိုလ်ကြီးနေထွဋ်အောင် ဖြစ်သည်။

တွေ့ဆုံမေးမြန်း - လင်းရာမ

ဓာတ်ပုံ - ကိုထက်

No comments:

Post a Comment