နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်မှ စီးပွားရေးဦးတည်ချက် သုံးရပ်အနက် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”ဟူ၍ မူဝါဒအနေဖြင့် ထုတ်ပြန်ထားပြီး အားပေးမြှင့်တင်လျက်ရှိသည်။ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့မှ “ရွှေယာမြေပဲဆီသန့်” ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင် ဦးရွှေဝင်းထွန်းနှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ လုပ်ငန်းစတင်တည်ထောင်ဖြစ်တဲ့အခြေအနေနဲ့
ရည်ရွယ်ချက် လေး ပြောပြပေးပါ။
ဖြေ။ ။ ကျွန်တော် ဒီလုပ်ငန်းကို စတင်လုပ်ကိုင်တာ
၂၀၁၂ ခုနှစ်လောက်ကဆိုတော့ ၁၂ နှစ်ခန့် ရှိပါပြီ။ ဈေးကွက်ထဲမှာ ကျန်းမာရေးနဲ့
ညီညွတ်တဲ့ဆီဆိုတာလည်း တော်တော်လေး ရှားပါးပါတယ်။ နောက်ပြီးတော့ ပြည်တွင်းသီးနှံစိုက်ပျိုးတဲ့
တောင်သူတွေရဲ့ ဈေးကွက်ဝေစုကလည်း အလွန် နည်းပါးပါတယ်။ မြန်မာ့စားအုန်းဆီဆိုတာကလည်း
ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ဒါ့ကြောင့် ပြည်တွင်းထွက်သီးနှံတွေဖြစ်တဲ့
ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီစတာတွေကို အသုံးပြုတာက ကျန်းမာရေးနဲ့ညီညွတ်တဲ့အတွက်
စားသုံးသူတွေကို ပစ္စည်းကောင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီတွေ စားစေချင်တဲ့ ရည်ရွယ်ချက်နဲ့
စတင်တည်ထောင်ရခြင်း ဖြစ်ပါတယ်။
မေး။ ။ အခုလက်ရှိ အနေအထားအရ ဈေးကွက်ဖြန့်ဖြူးမှု
ဘယ်လောက်အထိ ကျယ်ပြန့်နေပြီလဲ။
ဖြေ။ ။ ကျွန်တော့်အနေနဲ့
မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေအထိ ဖြန့်ဖြူးရောင်းချ ပါတယ်။
အရင်ကတော့ ရန်ကုန်အထိ ဖြန့်ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်ဝယ်ယူ မှုနည်းတာကြောင့် လတ်တလောမှာ
ရန်ကုန်ကို ရပ်နားထားပါတယ်။
မေး။ ။ ကုန်ကြမ်းမှ ကုန်ချော၊ ဈေးကွက်တင်ပို့မှုအခြေအနေ
သိပါရစေ။
ဖြေ။ ။ အဓိကကုန်ကြမ်းဖြစ်တဲ့ မြေပဲကို မကွေးတိုင်းဒေသကြီးသာမက
မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးတို့ကလည်း ဝယ်ယူပါတယ်။
ဝယ်ယူထားတဲ့ပဲတွေကို ဆန်ခါချ သန့်စင်တာ၊ ပိုးမွှားဆိုင်ရာတွေကို ကာကွယ်တဲ့အနေနဲ့ နေပူလှန်းတာ၊
နောက်ပြီး စက်လည်ဖို့အတွက် စက်ရဲ့ ဘွိုင်လာထဲမှာ ရေနွေးငွေ့နဲ့ပေါင်းတာ၊ ဆီကြိတ်တာ
စတာတွေကို အဆင့်ဆင့် ပြုလုပ်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ စစ်ခုံလို့ခေါ်တဲ့ ဆီစစ်တဲ့နေရာမှာ
ဆီစစ်ပြီး ပိဿာအလိုက် အရွယ်အစား အမျိုးမျိုး ဘူးထဲထည့်ပြီး ဈေးကွက်ကို
တင်ပို့ရောင်းချပါတယ်။
မေး။ ။ လုပ်ငန်း လည်ပတ်နေတဲ့ဝန်ထမ်းအင်အားနဲ့
ကူညီစောင့်ရှောက်ပေးမှု အခြေအနေ သိချင်ပါတယ်။
ဖြေ။ ။ ဝန်ထမ်းအင်အားကတော့ စုစုပေါင်း ၃၀
လောက်ရှိပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ
ပြုလုပ်ပေးထားတာကြောင့် ကိုဗစ်ကာလတုန်းကလည်း ကူးစက်မှု အလွန်နည်းပါးပါတယ်။ ဒါ့အပြင်
ကျွန်တော့်အနေနဲ့ FDA လျှောက်ထားတဲ့အတွက်
ဝန်ထမ်းတွေရဲ့ ကျန်းမာရေး စစ်ဆေးမှုတွေလည်း အဓိကထား ဆောင်ရွက်ပေးထားပါတယ်။
မေး။ ။ ရင်းနှီးမတည်ငွေ
ဘယ်လောက်နဲ့ လုပ်ငန်းစတင်တည်ထောင်ခဲ့ ပါသလဲ။
ဖြေ။ ။ ရင်းနှီးမတည်ငွေကတော့ သိန်းတစ်သောင်းခွဲခန့်
ရှိပါတယ်။ ကျွန်တော်တို့ ဘွိုင်လာစက်ရဲ့ တန်ဖိုး တစ်ခုတည်းကို သိန်း ၂၅၀၀ ကျော်
၃၀၀၀ လောက်ရှိပါတယ်။
မေး။ ။ အခုလို အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်လာအောင်
ကြိုးစားခဲ့ရတဲ့လမ်းခရီးမှာ တွေ့ကြုံရတဲ့အခက်အခဲ၊ ကြိုးစားမှုစတာတွေကို အတုယူလိုက်နာဆောင်ရွက်ရမယ့်
ဆောင်ရန် ရှောင်ရန် နည်းလမ်းလေးတွေ ပြောပေးပါ။
ဖြေ။ ။ ဆောင်ရန် ရှောင်ရန်အတွက် အဓိကကတော့
အလုပ်အပေါ် ဇွဲ၊ လုံ့လရှိရှိနဲ့ တစ်သမတ်တည်း လုပ်ဖို့ လိုပါမယ်။ ဘယ်လိုအခက်အခဲတွေပဲရှိရှိ
ဒါမလုပ်တော့ဘူး၊ တခြားဟာ ပြောင်းလုပ်မယ်၊ ဟိုဟာပြောင်းလုပ်မယ်၊
ဒီဟာပြောင်းလုပ်မယ်ဆိုတာမျိုးလုပ်လို့ မရပါဘူး။ ဒီလုပ်ငန်းကို အောင်မြင်မှုဆီ
အရောက်သွားမယ်ဆို မရောက်ရောက်အောင်သွားဖို့ အချိန်တစ်ခုတော့ ပေးဖို့ လိုပါတယ်။
အဲဒီအချိန် မရောက်မချင်းတော့ ဇွဲရှိဖို့နဲ့ စိတ်ဓာတ်အင်အားကြံ့ခိုင် ဖို့လည်း
လိုအပ်ပါတယ်။ လုပ်ငန်းတစ်ခု အောင်မြင်အောင် လုပ်ဆောင်ဖို့ဆိုရင် အချိန်တစ်ခု စောင့်ဖို့အတွက်
ဇွဲရှိရ ပါမယ်။ ကိုယ်လုပ်မယ့်အလုပ်ကို ကျွမ်းကျင်မှုရှိဖို့လည်း လေ့လာရပါမယ်။
မေး။ ။ ပြည်တွင်းဈေးကွက်ကနေ နိုင်ငံရပ်ခြားအထိ
တင်ပို့ဖြန့်ဖြူးရောင်းချနိုင်ရေး နိုင်ငံတော်အစိုးရ၊ တစ်နည်းအားဖြင့်
တာဝန်ရှိသူတွေဆီကနေ ဘာတွေဖြည့်ဆည်းပေးသင့်တယ်လို့ ထင်မြင်ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှာ
ကျွန်တော်က မကွေးတိုင်းဒေသကြီး အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံ
ဆီစက်ပိုင်ရှင်များအသင်းက တစ်ဆင့် နိုင်ငံခြားကို တင်ပို့ဖို့အတွက်
ကြိုးပမ်းဆောင်ရွက်နေပါတယ်။ တရုတ်နိုင်ငံကို တင်ပို့ဖို့ ချိတ်ဆက်ကြိုးစားနေပြီး
၅၀ ရာခိုင်နှုန်းလောက် အောင်မြင် နေပြီဖြစ်ပါတယ်။ FDA နဲ့ ဓာတ်ခွဲခန်း
စစ်ဆေးမှုအောင်မြင်ပြီးသား လုပ်ငန်းရှင်တွေ စုပေါင်းပြီး အသင်းအဖွဲ့တစ်ခုအနေနဲ့ တရုတ်နိုင်ငံကို
တင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ်။
မေး။ ။ နိုင်ငံတော်အနေနဲ့ လုပ်ငန်းစတင်မတည်လို့ရအောင်
ချေးငွေထုတ်ချေးပေးနေမှုအပြင် ထပ်မံပြီး ဘာတွေလုပ်ကိုင်ဆောင်ရွက်ပေးစေချင်ပါသလဲ၊ ဘာတွေကိုကူညီပေးဖို့
ဖြည့်ဆည်းပေးဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ နိုင်ငံတော်အနေနဲ့ လုပ်ငန်း စတင်လို့ရအောင်
ချေးငွေထုတ်ချေးပေးနေမှု မူဝါဒက ကောင်းပါ တယ်။ ချေးငွေထုတ်ချေးပေးတဲ့နေရာမှာ
ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးမှာ ရှိတဲ့ ဆီစက်တွေရဲ့ ချေးငွေရယူထားမှု
အခြေအနေတွေကို စိစစ်ပါတယ်။ မူဝါဒအရ ဘဏ်တစ်ခုခုမှာ ချေးငွေရယူထား
တဲ့လုပ်ငန်းရှင်တွေကို ထုတ်ချေးပေးလို့ မရပါဘူး။ ဥပမာအနေနဲ့ ကျွန်တော်က
တခြားဘဏ်မှာ ချေးတယ်။ အဲဒီလိုချေးတဲ့အတွက် နောက်တစ်ဘဏ်က ကျွန်တော့်ကို
ချေးခွင့်မပေးဘူး။ ဘဏ် တစ်ခုမှာ မြေဂရမ်ပေးထားတယ်၊ နောက်ဘဏ်တစ်ခုမှာ နောက်ထပ်တစ်ခု
အသစ်ထပ်ပေးနိုင်ရင် ချေးပေးစေလို ပါတယ်။
မေး။ ။ ဒီနိုင်ငံအတွင်းမှာ လုပ်ငန်းရှင်ဖြစ်ဖို့
ကြိုးစားအားထုတ်နေတဲ့ လူတန်းစားမျိုးစုံရှိပါတယ်။ သူတို့အတွက် ခွန်အားဖြစ်စေမယ့်
အကြံပြုစကားလေး ပြောပေးစေချင်ပါတယ်။
ဖြေ။ ။ နိုင်ငံတော်က ထပ်မံပြဋ္ဌာန်းလိုက်တဲ့ဥပဒေက
တကယ်ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဆီကို နိုင်ငံရဲ့အရေးကြီးထုတ်ကုန်အဖြစ်
သတ်မှတ်ပြီးသားဖြစ်တဲ့အတွက် ဆီစက်တွေက FDA ခွင့်ပြုချက်မရရင် စက်မှုကနေ ထုတ်မပေးတဲ့ အနေအထားဖြစ်ပါတယ်။
ဆီစက် လည်ပတ်မယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီကို ထုတ်လုပ်ဖို့၊ နိုင်ငံတော်က သတ်မှတ်ထားတဲ့
စည်းမျဉ်း စည်းကမ်းတွေကိုလိုက်နာဖို့ အဓိကလိုပါတယ်။ ဆီလုပ်ငန်းလုပ်ကိုင်မယ်ဆိုရင် FDA လက်မှတ်ကိုရအောင်
လုပ်ပါလို့ပဲ တိုက်တွန်းလိုပါတယ်။ စက်မှုက လိုင်စင် အသစ်လုပ်တာပဲဖြစ်ဖြစ်၊ သက်တမ်းတိုးတာပဲဖြစ်ဖြစ်
လုပ်မယ်ဆိုရင် FDA လက်မှတ်မပါရင်
တိုးလို့မရပါဘူး။ ဆီက နိုင်ငံရဲ့ အရေးကြီးကုန်စည်ဖြစ်တဲ့အတွက်ကြောင့် FDA ခွင့်ပြုချက်ကို
အရင်ယူသင့်ပါတယ်။ အကြံပြုစကားကတော့ ကိုယ်လုပ်တဲ့အလုပ်အပေါ် ဇွဲရှိရှိလုပ်ဖို့နဲ့
ကျွမ်းကျင်ပိုင်နိုင်အောင် အရင်ဆုံး သိအောင်လေ့လာရပါမယ်။ ဘယ်အလုပ်မဆို တစ်သမတ်တည်း
လုပ်ဆောင်ဖို့ တိုက်တွန်းချင် ပါတယ်။ ။
တွေ့ဆုံမေးမြန်း - ကျော်မင်းဦး
ဓာတ်ပုံ - အောင်ကျော်ဇင်
No comments:
Post a Comment