ကိုလိုနီ(သူ့ကျွန်) ခေတ်တွင် မြန်မာတို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး အတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ကြရာ၌ စာပေသမားများက စာပေဖြင့်၊ သတင်းသမားများက သတင်းဖြင့်ရေးသားတိုက်ပွဲဝင်ခဲ့ကြပေသည်။ ရတနာပုံမြို့တော်ကို နယ်ချဲ့အင်္ဂလိပ်တပ်များ တက်သိမ်းရာ၌ နန်းတွင်းမှတော်ဝင်သုံး ရွှေငွေစိန် ကျောက်ပတ္တမြားစီ အသုံးအဆောင်များ၊ မင်းတုန်းမင်းကြီးက အလောင်းဘုရားမှအစပြုသော ကုန်းဘောင်မင်းဆက်များမှ ဘုရင်များ၊ မိဖုရားများ၏ ရွှေသားရုပ်တုကြီးများ သွန်းထုပူဇော်ထားသည်။ ရုပ်တုငယ် ရှစ်စုံလည်းရှိသည်။ အင်္ဂလိပ်တို့က ထိုရွှေရုပ်တုအားလုံး ဓားမြတိုက်သလို လုယက် ယူသွားခဲ့သည်။ သီပေါမင်းနှင့် မိဖုရား၊ သားတော်၊ သမီးတော်များကို ကြက်ကလေး ငှက်ကလေးများ ဖမ်းသလို ဖမ်းသွားခဲ့သည်။
ရဟန်းစာဆို၊
လူစာဆိုတို့က ကဗျာလင်္ကာများဖြင့် ထိုးနှက်
ထိုစဉ်က
နယ်ချဲ့အင်္ဂလိပ်အလိုတော်ရိ စကားပြန် မောင်ဘသန်းတို့လို အမျိုးသစ္စာဖောက်၊ နယ်ချဲ့
ဒူးထောက်များကို ရဟန်းစာဆို၊ လူစာဆိုတို့က ကဗျာလင်္ကာများဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့သည်။
ထိုစဉ်က နယ်ချဲ့ဆန့်ကျင်ရေး၊ နယ်ချဲ့တိုက်ဖျက်ရေး ကဗျာအချို့ကို ကောက်နုတ်တင်ပြပါရစေ။
နယ်ချဲ့တို့က မြန်မာနန်းတော်ဝင်စီးပြီး ရွှေငွေစိန်ကျောက် ပတ္တမြားရတနာများကို အလုအယက်ယူကာ
နယ်ချဲ့ကြီးများက မြန်မာ့ဦးစွန်းကိုချိုးနှိမ်ရန် စီစဉ် နေချိန်၌ ကျေးဇူးရှင် မန်လည်ဆရာတော်
ဘုရားကြီးက ဤသို့ကဗျာဖြင့် ထိုးနှက်တော်မူခဲ့ သည်-
မကြုံကောင်း
ကြုံကောင်းတဲ့ကြုံလာ၊
မြန်တိုင်းနေ
သရေနွမ်းရန်ဖို့၊
နန်းပြည်ကုန်ခြေသိရ်ညစ်တဲ့ပြင်၊
မန်းရွှေဘုံ
ရေတိမ်နစ်ခဲ့တယ်ဗျာ၊
(အမလေး)ဆိုးခေတ်ခိုက်ခါ။
သတ္တဝါရှင်
လူမျိုးငယ်တို့၊
ပူညှိုးဖို့
ခေတ်ဖန်လာ၊
ဪ….ကံသာ
ပဲဆိုယူကျုံး။
ပြည်လုံးငယ်မှောင်သလေလေ့၊
ဝေဖုံးငယ်မသာပေါင်ပ၊
ရွှေဘုန်းရောင်
လနေကင်းတာမို့၊
မြို့တွင်းငယ်
မြို့ပြင်နှင့်၊
ပတ်ဝန်းကျင်မြင်မသင့်ပြီဘူး၊
နန်းဦးပလ္လင်မှာဘုရား၊
(အမလေး)ခွေးသံနှင့်အုံး။
။
မန်လည်ဆရာတော်ဘုရားကြီး
ရေးသားတော် မူသည့် မာဃဒေဝလင်္ကာသစ်ကြီးကို ဖတ်ဖူးသူတို့ ဆရာတော်ကြီး၏ ကဗျာဉာဏ်၊ စာဉာဏ်တို့
သိနိုင်ကြပေမည်။ ဆီးဘန်နီဆရာတော်ဘုရားကြီး၏ ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဟု
အစချီဧကပိုက်ရတုကို အောက်တွင် တင်ပြလိုက်ပါ သည် -
ငယ်စွာနုမျစ်၊
ကြလိုမျစ်သို့၊
မြေးမြစ်အလား၊
မင်းနှစ်ပါးတို့၊
တိုင်းကားနှင်းထပ်၊
ကိုယ်ကိုအပ်၍
ပညတ်စေကြောင်း
မှူးမတ်ပေါင်းအား၊
ဆိုးကောင်းအရေး၊
လွှဲဝေပေးလျက်၊
တစ်ရွေးတစ်ရတီ၊
တစ်ဗီ ဇဝါ၊
တစ်မြူလွှာမျှ၊
ရသာအထူး၊
ဂုဏ်ကျေးဇူးကို၊
မှူးမတ်ထံမှ၊
မခံရရှင့်၊
သိင်္ဃတန်ဆောင်၊
ဘုန်းတော်မှောင်၍၊
ကုန်းဘောင်နေမီး၊
မထိန်ညီး၍၊
တိုင်းကြီးပြည်ကြီး၊
အချည်းနှီးလျှင်၊
ထီးသုဉ်းနန်းသုဉ်း၊
မြို့သုဉ်းသုည၊
သုဉ်းသုံးဝဟု၊
သုညခေတ်ဝယ်၊
ဖြစ်လာရချေ၊
တို့တစ်တွေသည်……
သေသော်မှတည့်…ဪ….ကောင်း၏။
နယ်ချဲ့ကိုယုံမှားမိသူများကြောင့်
နိုင်ငံတော် နစ်မွန်းရသည်ကို အချုပ်တန်းဆရာဖေ၏ အောက်ပါ တေးထပ်တွင် တွေ့နိုင်ပေသည်
-
လက်နက်တော်
ထိန်ညိ၊
အိန္ဒြိစစ်သည်၊
အလိမ်မိညစ်သည်ကို၊
သစ္စာတည်ထင်လို့၊
မင်းမှူးမတ်ကြံသည်ကိုမှာ၊
ရန္တပိုထုံးနှင့်ပုံသို့။
ဝိုင်းမိမှ
နာခါမြင်သည်၊
ဇာတာတွင်
သုဉ်းချို့၊
ရာဇဝင်
ကုန်းညို့လို့၊
ကြုံးတို့ရနှစ်ဆူ။
ရေးမြင်သူတွေးချက်ပါးတာက။
ဆေးခွက်မှားတိုက်သည့်
အတူ၊
ခုတော့မှပွေမီးပူတယ်၊
ရွှေဆီးဖြူသဘောသို့
ဆန်ကောနှင့်လှိမ့်သလို
ဂျွမ်းလိမ့်လို့ဖို
ဝေနေယျ
အမှားပိုတယ်
တရားကိုယ်
ပျက်သည်ကြောင့်လေး။
ဆရာဖေသည်
အင်္ဂလိပ်ဘုရင်ခံရောက်လာစဉ် ထီးဖြူတော်ရုံမှ ထီးဖြူနှစ်လက် ယူမိုးသည်ကို မကျေမနပ်ဖြစ်နေစဉ်
အဆိုပါအင်္ဂလိပ်ဘုရင်ခံချုပ် လော့ဒ်မေယိုအား ပို့ဘလဲယား(တစ်ကျွန်း)ကို စစ်ဆေးစဉ် အကျဉ်းသားဂေါ်ရခါးတစ်ဦးက
ဘုရင်ခံကို ဓားဖြင့်နှစ်ချက်ထိုးသဖြင့် သေဆုံးခဲ့သည်။ ဘုရားထီးဖြူတော်နှစ်လက်ကို မတန်မရာယူပြီးမိုးပေးခြင်းခံ၍
ဓားဖြင့် နှစ်ချက်ထိုးသတ်ခံရကြောင်း အကယ်၍ လေးလက်သာမိုးမိလျှင် လော့ဒ်မေယိုသည် ဓားဖြင့်
လေးချက်အမွှေခံရနိုင်ကြောင်း တေးထပ်ရေးစပ်ဖြန့်ဝေခဲ့သည်။ အင်္ဂလိပ်တို့က ဆရာဖေကို အရေးယူရန်
မြန်မာဘုရင်ထံ တိုင်စာပို့ခဲ့သည်။
ထီးဖြူရုံ
ပြာသာဒ်နှင့်
မအပ်သည့်အရာ
(လော့ဒ်)
လာပ် ဆိုသည့် မိစ္ဆာမှာ
ပိတ်ရှာပြီ
ဇီဝိ။
ဘုန်းမတန့်
ဘုန်းတန့်ကြံတယ်
ဆုံးရုပ်နာမ်
သွားတဲ့ဝီစိ။
မင်းတုတု
ခွေးသေသေ
သွေးတွေတွေယိုဘိ
လာပ်ရန်ကို
ဆဒ္ဒန်ဖိ
နတ်ဖန်သည့်
ဘုန်းတော်။
ကျွန်းစင်္ကာပူ
တစ်လွှားမှာ
ရွှေဓားသွားထက်ရလိမ့်မနော်။
လှေကားဆက်ထက်
အပေါ်ပေါ်မှာ
ထီးဖြူတော်နှစ်လက်ကြောင့်
အသက်ထွက်လွယ်စေ
ဓားနှစ်ချက်မွှေ။
လေးလက်ဖြင့်
လေးချက်မွှေမယ်၊
ဘေးသက်သေ
လက်ငင်းကွဲ့လေး။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကို
ပံ့ပိုးသောစာများ
သီပေါလွန် နယ်ချဲ့ကျွန်ခေတ်တစ်လျှောက် မြန်မာသတင်းစာများ(အမျိုးအမည်
တစ်ရာမက) ထုတ်ဝေခဲ့ကြပြီး နယ်ချဲ့ကို သတင်းမှန်များဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြရာ
ကျွန်တော်တို့မီသော မျက်မှောက်ခေတ်မှာပင် ဆရာ့ဆရာကြီးများ၏ မျိုးချစ်စိတ်၊ ဇာတိသွေး
ဇာတိမာန်ဖြင့် ရေးသားကာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကို ပံ့ပိုးသောစာများ၊ နယ်ချဲ့ကို
ထိုးနှက်သောစာများ ရေးခဲ့ကြသည်ကို တွေ့ရပါသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလတွင် မြန်မာမျိုးချစ်စာပေပညာရှင်များ
ရေးသားပံ့ပိုး ခဲ့သော စာအုပ်များစွာကိုလည်း ဖတ်ခဲ့ရ၏။ စာရေး ဆရာကြီးများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတို့ထံမှ
မျိုးချစ်စိတ်ဓာတ် အမျိုးသားရေးစိတ်ဓာတ်များ အမွေရရှိခဲ့သည်။
ဦးလွန်းခေါ်ဆရာကြီး
သခင်ကိုယ်တော်မှိုင်းကိုလည်း ကောင်းကောင်းမီခဲ့သည်။ ဆရာကြီး၏နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး
လှုံ့ဆော်သောစာအုပ်များ၊ အထူးသဖြင့် ကဗျာဖတ်၊ စာဖတ်ပရိသတ်စွဲလမ်းခဲ့ရသည့် ဆရာကြီး၏
စာထောင့်လေးချိုးကြီးများစွာကိုလည်း ဖတ်ရ၊ မှတ်ရသည်။ ဆရာကြီးသည် ကဗျာမှု၊ မြန်မာမှု၊
စာမှုတွင် နိုင်နင်းလှသဖြင့် ဆရာကြီး၏ လေးချိုးကြီးများစွာ၊ နဘေထပ်များစွာကို ဖတ်ရမှတ်ရပါ၏။
ဆရာကြီး၏ ဗိုလ်ဋီကာ စာအုပ်တွင် ပါတော်မူခေတ်ကို ထင်ဟပ်သော ကဗျာ တစ်ပုဒ်တွေ့ရသည်။ သီပေါမင်းနှင့်
တော်ဝင်မိသားစု ကို အင်္ဂလိပ်တို့က ပြည်ပသို့ ပြည်နှင်ရန် ဂေါဝိန်ဆိပ် သို့ ခေါ်ထုတ်စဉ်
မြတောင်ကျောင်းရှေ့အရောက် မြင်ကွင်းကို ၁၀ နှစ်သားအရွယ် မောင်လွန်းက မြင်တွေ့ရာ
အံကြိတ်ခဲ့ရသည်။
ဤသို့ဖြင့်
ဆရာကြီးသည် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ဖြင့် လေးချိုးကြီးများ
ရေးခဲ့ရာ ပါတော်မူကာလမြင်ကွင်းကို ဤသို့ ရေးစပ်ခဲ့သည် -
ဓာတ်ကောလီခါမရတာမို့
မြန်မာတို့
ညှိုးခိုက်တွင်
ဆိုးလျှင်
မိုက်လျှင်ဖြင့် မယဉ်ကျေး၊
အပျော်ရယ်ကြံ၊
ဘော်လကန်
စစ်ဆင်နည်းရယ်နှင့်၊
စကူတာရီကိုလေ၊
စစ်ဗျူဟာချီလို့စီးသလိုပ၊
(ဝါ)
တစ်နည်းကား
ရှုပ်ဖို့ရယ်ဆုံ၊
ကျုပ်တို့တစ်ခါကြုံရ။
ရတနာပုံဆိုတဲ့
မန်းတွင်မှ
ကြငှန်းစံ
မြန်မာ့ထီးကိုလ
အကွက်ကျတဲ့
စလေဒင်ဟာလေ၊
လက်ရ
အခြေယဉ်ယဉ်နှင့်စီးသလိုပ။
ခေတ်သစ်မြန်မာစာပေဗိမာန်ကြီး
တည်ဆောက်
ဤရွေ့ဤမျှ
မြန်မာတို့၏ ကလောင်များသည် မျိုးချစ်စိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေး ဇာတိသွေး၊ ဇာတိမာန်သွင်းပြီး
မြန်မာမျိုးချစ်စာဆိုတို့ သမိုင်းပေးတာဝန်ကျေပွန်ခဲ့သည်။ မြန်မာတို့ ဂုဏ်ယူမဆုံးနိုင်သော
သက်တော်ရှည်မြန်မာဂန္ထဝင်ကဗျာ၊ စကားပြေ၊ လင်္ကာစကားပြေနှစ်ထွေရောစာများ၊ ဂုဏ်၊ ရသ၊
အလင်္ကာမြောက်သော မြန်မာစာပေ အမွေကို အမွေခံ သားကောင်းသမီးကောင်းများပီပီ ကြိုးစားအားထုတ်ရေးသားရင်း
ခေတ်သစ်မြန်မာ စာပေဗိမာန်ကြီး တည်ဆောက်လျက်ရှိနေပေသည်။
မြန်မာစာနယ်ဇင်း၊
မြန်မာစာရေးဆရာများ သည် စာပေတာဝန် ကျေပွန်ကြသည့်တိုင် စုစု စည်းစည်းမရှိကြသေးသဖြင့်
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာကျော် စာရေးဆရာ ကြီး HG.well အိပ်ချ်ဂျီဝဲလ်
၁၉၃၉ ခုနှစ်က ရန်ကုန် သို့ ရောက်လာသည့်အခါ စာရေးဆရာ၊ သတင်းစာ ဆရာများ တစ်ယောက်ချင်း
ဆက်သွယ်တွေ့ဆုံကြ ပြီး အိပ်ချ်ဂျီဝဲလ်အား ဧည့်ခံရန် ပြင်ဆင်ခဲ့ကြရသည်။ ဦးဆောင်ကျင်းပရန်
အားထုတ်သော စာရေးဆရာ လူလတ်ပိုင်းများက ရွှေတိဂုံဘုရားလမ်းမှ နေရှင်နယ် ဦးအေး (၁၉၂၀
ပြည့်နှစ်ကျောင်းသား သပိတ်ခေါင်းဆောင်)၏ဆိုင်မှ လက်ဖက်ရည်နှင့် မုန့်များအကြွေးယူပြီး
အင်းလျားကန် လှေလှော်အသင်းအဆောက်အအုံတွင် ဧည့်ခံခဲ့ကြရသည်။
အိပ်ချ်ဂျီဝဲလ်၏
ဧည့်ခံပွဲသို့ တက်ရောက်သူများ ဓာတ်ပုံတွင် မြင်ရသည့်အတိုင်း ထိုပွဲသို့ အောက်ပါ စာရေးဆရာ၊
သတင်းစာဆရာများ တက်ရောက်ခဲ့သည်ကို တွေ့ရပါသည်။ ရှေ့ဆုံးတန်းတွင် ဖျာခင်း၍ ထိုင်ကြသူများမှာ
ဦးတင်ညွန့်၊ ဆရာတက်တိုး၊ ဦးဘအေး၊ မောင်အာယု၊ ဦးညိုမြ၊ ဒဂုန်တာရာ၊ သိပ္ပံစိုးလှ၊ ခင်လေးမောင်၊
တက္ကသိုလ်ထင်ကြီး၊ ဆရာသိန်းဖေမြင့်တို့ ဖြစ်ကြသည်။
ဒုတိယတန်းတွင်
ကုလားထိုင်များဖြင့် ထိုင်ကြသူများမှာ-ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ လု(စ်)၊ ဒေါ်ခင်မျိုးချစ်၊
ဒဂုန်ခင်ခင်လေး၊ သိပ္ပံကျော်ထင်၊ ဒေါက်တာမောင်မောင်ပြေ၊ ဇာနည်ဆွေ၊ ဒေါက်တာထင်အောင်၊
အိပ်ချ်ဂျီဝဲလ်၊ အမျိုးသားပညာဝန် ဦးဖိုးကျား၊ နယူးဘားမား ဦးမောင်မောင်၊ သံတော်ဆင့်
ဦးသိန်းမောင်၊ သူကြီးဂေးဇက် ဦးခင်မောင်၊ မဟာဆွေ၊ ဒဂုန်နတ်ရှင်၊ လူထုဦးလှ၊ မြဒေါင်းညိုတို့
ဖြစ်ကြသည်။
တတိယတန်းတွင်
မတ်တပ်ရပ်ကြသူများမှာ ဦးသန်းဖေ၊ ဦးမောင်မောင်ကျော်ဝင်း၊ ပန်းဝတ်ရွှေ၊ ဆရာရန်အောင်၊
ဆရာဇဝန၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ မြမျိုးလွင်၊ သော်တာစန်း၊ ဒဂုန် ဦးစန်းငွေ၊ ဦးချင်းစိန်(ရွှေညာမောင်)၊
မိုးကြိုး ဦးအုန်းခင်၊ ဂျာနယ်ကျော်စောဦး၊ ဆရာသင်္ခါ၊ ဆရာ ရဲထွတ်၊ ရဲသမိန်၊ မြို့မဦးစံထွား၊
ဇမ္ဗူနသန်တို့ ဖြစ်ကြပြီး နောက်ဆုံးတန်း(ခုံပေါ်) ရပ်နေကြသူ များမှာ ဆရာသုခ၊ တက္ကသိုလ်ဆုမြိုင်၊
ဒဂုန်ဦးလှဘူး (ရန်ကုန်တက္ကသိုလ်ဝင်း၌နေပြီး အိပ်ချ်ဂျီဝဲလ် တည်းခိုသောအိမ်၏ အိမ်ရှင်)
တို့ ဖြစ်ကြသည်။
စာရေးဆရာအသင်းကို
၁၉၄၀ ပြည့်နှစ်ထဲမှာပင် စတင်ဖွဲ့စည်း
အိပ်ချ်ဂျီဝဲလ်ကို
ဧည့်ခံရာ၌ အဖွဲ့အစည်းမရှိ၍ တစ်ဦးချင်းဖိတ်ခေါ်လူစုခဲ့ကြရခြင်း၊ ဆရာကြီး ပီမိုးနင်းကွယ်လွန်သော
၁၉၄၀ ပြည့်နှစ်မှာပင် အဖွဲ့အစည်းဖြင့် မစီစဉ်နိုင်၍ စာရေးဆရာများအချင်းချင်း လက်တို့ဖိတ်ခေါ်စုဝေးကာ
ဆရာကြီးပီမိုးနင်းအား သင်္ဂြုဟ်ခဲ့ရခြင်းတို့ကြောင့် စာရေးဆရာအသင်းကို ၁၉၄၀ ပြည့်နှစ်ထဲမှာပင်
စတင်ဖွဲ့စည်းခဲ့ရာ ဒီးဒုတ် ဦးဘချို(အာဇာနည်ခေါင်းဆောင်ကြီး)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ဖြစ်လာသောအခါ
အနယ်နယ် အရပ်ရပ်သို့ စစ်ဘေးရှောင်ရန်အတွက် ရန်ကုန်မှ ထွက်ခွာသူများဖြစ်ခြင်းကြောင့်
စာရေးဆရာအသင်း ဇာတ်ခေါင်းကွဲသလိုဖြစ်ခဲ့ရသည်။ ၁၉၄၂ ခုနှစ် အတွင်းမှာပင် စကော့ဈေး (ဒုတိယကမ္ဘာစစ်အတွင်း
ဗိုလ်ရန်နိုင်ဈေး)၊ စစ်ပြီးခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းဈေးဖြစ်လာသော ဈေးအပေါ်ထပ်တွင်
မြန်မာနိုင်ငံစာရေးဆရာအသင်းကို ပြန်လည်ဖွဲ့စည်း ခဲ့ရာ ဦးသိန်းမောင် (သူရိယသတင်းစာ၊
နောင်သံတော်ဆင့်သတင်းစာ)က ဥက္ကဋ္ဌ၊ အမှုဆောင် အဖွဲ့ဝင်များမှာ မဟာဆွေ၊ ဒဂုန်နတ်ရှင်၊
ဆရာဇေယျ၊ ရွှေပိန်သောင်း၊ ဆရာသင်္ခါ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ကွမ်းရွဲတန်းဆရာကျော်၊
ဆရာစိန်၊ မြဒေါင်းညို၊ ဆရာဇဝန၊ ဆရာသုခနှင့် ငွေထိန်းဒဂုန်ခင်ခင်လေးတို့ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
အသင်းရုံးကို ယောက်လမ်း (ယနေ့ယောမင်းကြီးလမ်း) ရှိ ထန်းပင်ကွက်သစ်မှ တစ်ထပ်အိမ်ဟောင်း
ကြီးဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကာလ
အင်္ဂလိပ်လေတပ်မှ လာရောက်ဗုံးကြဲသဖြင့် မီးလောင်ပြာကျသွားခဲ့ရ သည်။ အသင်းရုံးကို ယနေ့ကမ္ဘာအေးဘုရားလမ်း
ကုက္ကိုင်းကွေ့အမှတ် ၁၇ သူရိယသတင်းစာတိုက် ပစ္စည်းသိုလှောင်ရုံသို့ ပြောင်းရွှေ့ရသည်။
ထိုနေရာမှာ ကျဉ်းလွန်သဖြင့် ဒဂုန်ခင်ခင်လေးစာအုပ်တိုက် ဖွင့်ထားသည့် အမှတ် ၂၂၁၊ ရွှေဂုံတိုင်လမ်း
တိုင်းပြည်ပြုပုံနှိပ်တိုက်သို့ ရွှေ့ကြရပြန်သည်။ ထိုအသင်းရုံး၌ လစဉ်ကျင်းပသော အစည်းအဝေး
များတွင် ဒဂုန်ခင်ခင်လေးက စားသောက်ဖွယ် များဖြင့် တည်ခင်းဧည့်ခံလေ့ရှိခဲ့သည်။
မြန်မာဂန္ထဝင်စာပေပညာရှင်
စာဆိုကြီးများကို
ဂုဏ်ပြု
ဒုတိယကမ္ဘာစစ်ကာလအတွင်းဥက္ကဋ္ဌ
ဦးသိန်းမောင် ဦးဆောင်သော မြန်မာနိုင်ငံစာရေး ဆရာအသင်းက ရှေးကမြန်မာဂန္ထဝင်စာပေပညာ ရှင်စာဆိုကြီးများကို
ဂုဏ်ပြုရန် ပူဇော်ကန်တော့ ရန် စာဆိုတော်နေ့တစ်နေ့ သတ်မှတ်လိုကြသည်။ ဤသို့ဖြင့် အသင်းဥက္ကဋ္ဌ
သံတော်ဆင့် ဦးသိန်းမောင်၊ ဒဂုန်ဦးဘတင်၊ ဆရာဇော်ဂျီ၊ ဒဂုန်ဆရာတင်၊ ဦးကောင်း (နောင်ပညာမင်းကြီး)၊
ဒီးဒုတ်ဦးဘချို၊ ဆရာဇဝနနှင့် ဂျာနယ်ကျော် ဦးချစ်မောင်တို့ ထိုစဉ်က ပညာရေးဝန်ကြီး ဦးလှမင်းအားသွားရောက်တွေ့ဆုံကာ
စာဆိုတော်နေ့ သတ်မှတ်ရေးတင်ပြကြသည်။ ဦးလှမင်းကလည်း ရွေးကြ၊ သတ်မှတ်ကြပါ၊ ညှိကြပါ၊ အားလုံးသဘောတူတဲ့နေ့
တစ်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ကြတာပေါ့ဟု ပြောဆိုသဖြင့် စဉ်းစားကြသည်။
ထိုစဉ်က
မြန်မာစာပေပညာရှိ ဗိုလ်ကလေး ဦးသက်ရှည်က ကိုယ်တိုင်အစည်းအဝေး မတက်နိုင်၍ မိုးရာသီ၏ နေ့တစ်နေ့ကို
စာဆိုတော်နေ့သတ်မှတ် သင့်ကြောင်းစာရေးဆန္ဒပြုထားသည်။ အစည်းအဝေးတွင် ဟိုနေ့သည်နေ့နှင့်
ဆရာများအဆိုပြုကြ၊ ညှိနှိုင်းကြလုပ်နေစဉ်မှာပင် ဂျာနယ်ကျော် ဦးချစ်မောင်က မင်းရဲဇေယျရန္တမိတ်
ရေးစပ်သော အင်းဝမြို့ဘွဲ့ရပုရပိုက်စုံမှ အောက်ပါနောက်ဆုံး အပိုဒ်ကို တင်ပြသည်။
“စုလစ်ရွှေစင်
တစ်ခဲသွင်၌၊ စီဆင်ခြယ်သ၊ ပတ္တမြားတို့၊ ရထားနတ်နန်း၊ နေနွယ်ထွန်းလျက်၊ ပြောင်ရွှန်းလျှံဖြာ၊
လှေစကြာလည်း၊ အဝါရောင် ထက်၊ မြစ်လုံးစက်မျှ၊ ကိုးမျက်မဉ္ဇူ၊ နန္ဒမူနှင့်၊ ဇမ္ဗူ ရည်ရွှင်၊
ရွှေဥမင်လည်း ထက်ခွင်နတ်မှာ၊ သုဓမ္မာသို့၊ အာကာတိမ်စွန်း၊ ပျံဘနန်းတည့်၊ ရဲခန့်ဆိုင်းဆိုင်း၊
စစ်ကိုင်း ပင်းတယ၊ သာမောလှ၏ နတ်လသဘင်၊ ရောက်ပြန်လျှင်လည်း၊ ဖျင်မျှအုံထပ်၊ ဘွဲ့အပ်မည်
ပေး၊ ဆုံးရေး တင့်အောင်၊ ရန်ညောင်းပယ်နွဲ့သိကြားစံ၊ မင်းဝံရွှေတောင်၊ မြို့ရန်အောင်သည်
သာခေါင်ကျွန်းလှည့်လေလော”။
ထိုရတုပိုက်မှ
နတ်လသဘင်၊ ရောက်ပြန်လျှင်မူ၊ ဖျင်မျှအုံထပ်၊ ဘွဲ့အပ်မည်ပေး စာသားများကို ကောက်နုတ်ကာ
နတ်တော်လရောက်တိုင်း ရှေးမြန်မာမင်းများက ဆုနှင်း ဘွဲ့နှင်းသဘင်ကျင်းပ လေ့ရှိရာစာဆိုများကိုလည်း
ထိုက်တန်သောဘွဲ့မည်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ နတ်တော်လ၏ ငွေနှင်းမြူဇာပဝါပါးဖြင့်
လောကကိုလွှမ်းခြုံကာ အေးချမ်းမြမြရှိလှသဖြင့် ရှေးစာဆိုများက နတ်တော် (ဆောင်း) လတွင်
စာဉာဏ်၊ ကဗျာဉာဏ်ပို၍ ကွန့်မြူးခဲ့ကြောင်းတင်ပြရာ အစည်းအဝေး တက်သူအားလုံးက သဘောတူကြသဖြင့်
နှစ်စဉ် နတ်တော်လဆန်း (၁) ရက်နေ့ကို စာဆိုတော်အဖြစ် သတ်မှတ်ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။
။
တက္ကသိုလ်မြတ်သူ
No comments:
Post a Comment