နေပြည်တော် အောက်တိုဘာ ၅
ရော်ဘာကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်များနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၀) စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စက်မှုဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ရေရှည်တည်တံ့သော သဘာဝရော်ဘာအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ရန်ကုန်တာယာစက်ရုံတို့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ထို့ပြင် MSME Agency နာယကများဖြစ်ကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ Agency ဥက္ကဋ္ဌများက Virtual စနစ်ဖြင့် သတ်မှတ်နေရာအသီးသီးမှ ပါဝင်တက်ရောက်ကြသည်။
ပြည်ပပို့ကုန်မြှင့်တင်ရေး
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် MSME များ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပြည်ပပို့ကုန် မြှင့်တင်ရေးလုပ်ငန်းများကို အားပေးလျက်ရှိပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မြန်မာ့ရော်ဘာကုန်ကြမ်းများကို နိုင်ငံတကာ ဈေးကွက်ရရှိရေးအတွက် မြန်မာ့ရော်ဘာ အရည်အသွေးစံသတ်မှတ်ချက် စနစ်တကျပေါ်ပေါက်၍ အာမခံချက်ရှိသည့် ရော်ဘာတင်ပို့နိုင်ရေးရှိမှသာ မြန်မာ့ရော်ဘာသည် ကမ္ဘာ့ပေါက်ဈေးအတိုင်း ဈေးနှုန်းများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင်အဆင့်မီရော်ဘာ စက်ရုံများရှိမှသာ အရည်အသွေးမီရော်ဘာများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်တွင်လည်း မျက်နှာပန်းလှ၍ ရင်ပေါင်တန်း နိုင်မည်ဖြစ်ကြောင်း၊ အဆင့်မီရော်ဘာစက်ရုံများ ပေါ်ပေါက်လာရေးအတွက် ဌာနဆိုင်ရာများက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းကူညီပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ရော်ဘာစိုက်တောင်သူများ၊ ရော်ဘာအသင်းအဖွဲ့များ၊ ပညာရှင်များမှ မြန်မာ့ရော်ဘာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာစိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးနိုင်ရေးအတွက် မြေနေရာရရှိရေး၊ အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ ရေရရှိရေးတို့အတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း၊ ရော်ဘာအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် မျိုးကောင်းမျိုးသန့်များဖြင့် သွင်းအားစုများ အပြည့်အဝထည့်သွင်း၍ စိုက်ပျိုးရေးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ ထွက်ရှိသည့်ရော်ဘာများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ပြောင်းလဲ၍ ပြည်တွင်းစက်မှု လုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားရန်နှင့် ပြည်ပသို့ တင်ပို့ရာတွင်လည်း နိုင်ငံတော်မှထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပူးပေါင်းဆွေးနွေးအဖြေရှာ
ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နောင်လာမည့်အနာဂတ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့် မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ စျေးကွက်အတွင်း ဈေးကွက်ရှားပါးမှု၊ စျေးနှိမ်ခံရမှု စသည့်ပုံရိပ်များမှ လွတ်မြောက်ပြီး ကောင်းမွန်သောအရည်အသွေး၊ အာမခံချက်များနှင့် ထိုက်သင့် သည့်စျေးနှုန်းများ ရရှိနိုင်ရန်အတွက် ရော်ဘာစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းများတွင် ပါဝင်သည့် MSME ရော်ဘာလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ နိုင်ငံပိုင်ရော်ဘာ လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဆက်စပ်ဦးစီးဌာနများ၊ ပညာရှင်များက အတူတကွ ပူးပေါင်းဆွေးနွေးအဖြေရှာပြီး ဟန်ချက်ညီညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယကများ ဖြစ်ကြသည့် ဝန်ကြီးချုပ်များက ပြည်နယ်/တိုင်းဒေသကြီးအတွင်း ရော်ဘာစိုက်ပျိုးထားရှိမှုနှင့် ထွက်ရှိမှုအခြေအနေ၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆွေးနွေးတင်ပြ
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများအသင်း၊ မြန်မာနိုင်ငံ ရေရှည်တည်တံ့သော သဘာဝရော်ဘာအသင်း၊ ရန်ကုန်တာယာ စက်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်၊ National Enli-ghtenment Institute နှင့် အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းတို့မှ တာဝန်ရှိသူများက မြန်မာ့ရော်ဘာများအား စံချိန်စံညွှန်း သတ်မှတ်ရေး၊ ရော်ဘာဈေးကွက် အခြေအနေ၊ လက်ရှိရော်ဘာခြံများ၏ ရော်ဘာစိုက်ပျိုးမှု၊ ရော်ဘာထွက်ရှိမှုအခြေအနေ၊ ရော်ဘာစေးထုတ်ယူနိုင်မှု အခြေအနေ၊ မြန်မာ့ရော်ဘာဈေးကွက် ဒိုင်ကြီးတစ်ခု ပေါ်ပေါက်လာစေရေး ဆောင်ရွက်နိုင်မှုအခြေအနေ၊ အစိုးရ၊ ပုဂ္ဂလိကများ အနေဖြင့် ဆောင်ရွက်ပေးနိုင်မှုအခြေအနေတို့ကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment