နေပြည်တော် အောက်တိုဘာ ၅
၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာ ဆရာမများ၊ ပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “မြတ်ဆရာ” သီချင်းဖြင့် ဖျော်ဖြေကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် မြန်မာနိုင်ငံယူနက်စကိုအမျိုးသား ကော်မရှင်အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင်က ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ ငါးဖွဲ့၏အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြသည်။
ဂုဏ်ပြုဆုငွေများချီးမြှင့်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေတို့က ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီးများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ဒေါက်တာသက်ခိုင်ဝင်းတို့က ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ထူးချွန်ဆရာ ဆရာမများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ကြသည်။
ယင်းနောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက “ခွင့်လွှတ်ပါဆရာ” သီချင်းဖြင့် တေးသရုပ်ဖော်တင်ဆက်ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ်များက ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် ဆရာဆရာမများ ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးနှင့်အထက် အရာထမ်းများအဆင့် ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာ အထက်တန်းဆင့်သင် ဆရာဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာ အလယ်တန်းဆင့်နှင့် မူလတန်းဆင့်သင် ဆရာဆရာမများ ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်/ သိပ္ပံအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲနှင့် အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့မှ ဆုရရှိခဲ့ကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် တေးသီချင်း၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေခဲ့ကြသည့် နေပြည်တော် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် မိတ္ထီလာပညာရေးဒီဂရီ ကောလိပ်မှကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ရုက္ခဗေဒဌာနမှ အငြိမ်းစားဆရာကြီး ဆရာမကြီး ၁၂ ဦး၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌဆရာကြီး ဒေါက်တာမြင့်ဆွေနှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာကြီး ဒေါက်တာမောင်ကျော်တို့အား ဂါရဝပြုကန်တော့ပြီး ဆရာကြီး ဆရာမကြီးများကိုယ်စား ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း)/ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့ဝင်ဒေါက်တာဦးဝင်းနှင့် ပဲခူးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး (ငြိမ်း) ဦးခင်မောင်စိန်တို့က ဩဝါဒစကားများ ပြောကြားသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။
၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို “ပညာရေးကို မြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းစို့” “The Teachers we need for educa-tion we want: The global imperative to reverse the teacher shortage” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment