နေပြည်တော် အောက်တိုဘာ ၈
ယနေ့နံနက်ပိုင်းမှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာခြင်းနှင့် ဇောင်းတူဆည်နှင့် ကဒူကွင်းဆည်တို့၏ ရေပိုလွှဲ ရေကျော် စီးဆင်းလာခြင်းတို့ကြောင့် ပဲခူးမြို့နယ်၊ ပဲခူးဘူတာနှင့် ရွှေလှေဘူတာကြား၊ မိုင်တိုင်အမှတ် (၅၀/၃-၇) ရထားလမ်း အလျား ပေ၅၀၀ခန့်တွင် သံလမ်းအပေါ် ရေ ၁၈လက်မခန့် ကျော်တက်နေပြီး ရထားများဖြတ်သန်းနိုင်မှုမရှိသဖြင့် လူစီးအမြန်ရထား(၂)စင်း ခေတ္တရပ်နား ထားရပါသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မန္တလေးမှ ထွက်ခွာလာသော
အမှတ်(၄)အစုန် လူစီးအမြန်ရထားသည် ပျဉ်ပုံကြီးဘူတာ၌ နံနက်(၈)နာရီတွင်လည်းကောင်း၊
ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မော်လမြိုင်မှ ထွက်ခွာလာသော အမှတ်(၈၂)အစုန်
လူစီးအမြန်ရထားသည် ဝေါဘူတာ၌ နေ့လည် ၂ နာရီ ၃၀ မိနစ်တွင်လည်းကောင်း
အသီးသီးရောက်ရှိနေပြီး ရေပြန်လည်ကျဆင်းမည့်အချိန်ကို စောင်းဆိုင်းလျက်ရှိပါသည်။
ရထားလမ်းရေကျော်တက်မှု ကြာမြင့်နိုင်မည့်အခြေအနေကြောင့်
မြန်မာ့မီးရထား တာဝန်ရှိသူများက ပျဉ်ပုံကြီးဘူတာတွင်ရှိနေသော အမှတ်(၄)အစုန်
လူစီးအမြန်ရထားမှ ခရီးသည်(၃၀၀)ဦးခန့်အား နေ့လည်စာထမင်းဘူးများ၊ သောက်ရေ/သုံးရေများ
အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရ၏
စီစဉ်ကြီးကြပ်မှုဖြင့် နေ့လည်(၂)နာရီတွင် အဆိုပါရထားပေါ်၌ရှိနေသော ရန်ကုန်သို့ သွားရောက်မည့် ခရီးသည်(၂၂၅)ဦးအား
မော်တော်ယာဉ်ကြီး(၅)စီးဖြင့် ပျဉ်ပုံကြီးမှ ရန်ကုန်ဘူတာကြီးအထိ ဆက်လက်ရွှေ့ပြောင်း
ပို့ဆောင်ပေးလျက်ရှိပါသည်။ ထို့အတူ
အမှတ်(၈၂)အစုန် အမြန်ရထားတွဲဆိုင်းအား ကလိဘူတာ သို့ရွှေ့ပြောင်းပြီးနောက် ခရီးသည်(၅၇၀)ဦးတို့အား
မော်တော်ယာဉ်ကြီး(၁၀)စီးဖြင့် ရန်ကုန် ဘူတာကြီးသို့
ရွှေ့ပြောင်းပို့ဆောင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ ရထားလမ်းရေကျော်တက်မှုအခြေအနေသည် ရထားများ
ဖြတ်သန်းသွားလာနိုင် ခြင်းမရှိသောကြောင့် မြန်မာ့မီးရထားအနေဖြင့်
ယနေ့ညနေပိုင်းတွင် ရန်ကုန်နှင့် မန္တလေးတို့မှ စတင်ထွက်ခွာမည့် အစုန်/အဆန် အမြန်ရထား(၄)စင်းတို့၏ခရီးစဉ်များကို
ဖျက်သိမ်းလိုက်ရကြောင်း သိရှိရပါသည်။
ဆက်လက်၍ မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့်
ဖောင်တော်သီဘူတာရှိ ၆"X၉" ကျောက်ကြီးများအား ရေဖုံးလွှမ်းနေသည့်
လမ်းပိုင်းအတွင်းသို့ ချယူ၍ ရထားလမ်းကြံ့ခိုင်မှုရှိရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ရေကျော်တက်နေသည့် ရထားလမ်းပိုင်းအတွင်း
ရေပြန်လည် ကျဆင်းသွားချိန်တွင် လမ်း၏ကြံ့ခိုင်မှုအခြေအနေကို
ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီးနောက် လိုအပ်သည်များကို မွမ်းမံပြင်ဆင်၍
ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment