နေပြည်တော် အောက်တိုဘာ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများ နွားနို့တိုက်ကျွေးရေးအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အေလာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
မရှိမဖြစ်လိုအပ်
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် နေ့စဉ်စားသုံးသည့် အစားအစာများက အရေးကြီးကြောင်း၊ နွားနို့သည် ကျန်းမာဖွံ့ဖြိုးရန် မရှိမဖြစ်လိုအပ်သည့် အာဟာရတစ်ခုဖြစ်ကြောင်း၊ သန့်ရှင်းလတ်ဆတ်သည့် နွားနို့သောက် သုံးခြင်း၊ သားငါးများ စားသုံးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသများတွင် မွေးမြူရေးတိုးတက်ဖွံ့ဖြိုးရန်အတွက် လိုအပ်သည့် တိရစ္ဆာန်မျိုးကောင်းများ ရရှိမွေးမြူလာစေရေး၊ ကောင်းမွန်သည့် မွေးမြူရေးစနစ် ကျင့်သုံးလာစေရေး နည်းပညာများ၊ တိရစ္ဆာန်အစာများ၊ ရောဂါ ကာကွယ် ထိန်းချုပ်သည့် နည်းလမ်းများကို ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တက်တက် ကြွကြွဆောင်ရွက်နိုင်ရေးအတွက် ပညာအရည်အချင်းရှိသည့် ဒေသခံလူငယ်များရှိရန် လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးကဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေက နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး(စီမံ)ဦးကြာညိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း အေလာ Grade-4 မှ ကျောင်းသား ကျောင်းသူများက
(၃၈)ဖြာ မင်္ဂလာတေးသီချင်းဖြင့်လည်းကောင်း၊
Grade-10 မှ ကျောင်းသား ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့်လည်းကောင်း
သီဆိုဖျော်ဖြေကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများကို နွားနို့နှင့် ကြက်ဥအာဟာရများ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment