Friday, September 1, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ဝန်ကြီးဌာနများအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

 

နေပြည်တော် ဩဂုတ် ၃၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမတို့၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၉၈ ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်း ၄၁၇ ဦး စုစုပေါင်း ၅၁၅ ဦးနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ အရာထမ်း ၂၀၇ ဦး တက်ရောက်ခဲ့ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးကြသည်။

Myanmar Electronic Voting Machine (MEVM) စက်သည် လုံခြုံရေးစနစ်စိတ်ချယုံကြည်ရပြီး Internet Wireless စနစ်မဟုတ်သည့်အတွက် နည်းပညာဆိုင်ရာမသမာသူများက စနစ်အတွင်း ကြားဝင်နှောင့်ယှက်၍ ဟန့်တားခြင်းများ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ မဲပေးရာတွင် မဲဆန္ဒရှင်များ အနေဖြင့် ခလုတ်တစ်ချက်နှိပ်၍ ဆန္ဒပြုရခြင်းဖြစ်သည့်အတွက် ရှင်းလင်းလွယ်ကူစွာ လူတန်းစားမရွေး စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးဆောင်ရွက်နိုင်မည်ဖြစ်ရာ ရွေးကောက်ပွဲ၏ အနှစ်သာရဖြစ်သော ပြည်သူများ၏ဆန္ဒကို အပြည့်အဝဖော်ဆောင်ပေးနိုင် မည်ဖြစ်ကြောင်းနှင့် ယနေ့အထိ ဝန်ကြီးဌာန ၂၈ ခု၌ အရာထမ်း၊ အမှုထမ်းစုစုပေါင်း ၅၇၆၆ ဦးတို့ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment