မောင်ကမ္ဘာ
၂၀၂၃ ခုနှစ် ဧပြီလဆန်းမှာ ကမ္ဘာ့သံခင်းတမန် ခင်းနဲ့ပတ်သက်ပြီး ထူးခြားတဲ့အလှည့်အပြောင်း တစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသတင်းကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးတဲ့ သဘောတူညီချက်အရ အီရန်နိုင်ငံနဲ့ ဆော်ဒီအာရေဗျနိုင်ငံအကြား ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်ထားရှိမယ်ဆိုတဲ့ နှစ်နိုင်ငံ ပူးတွဲကြေညာချက်ပဲဖြစ်ပါတယ်။
ဆက်ဆံရေးကျဲတောက်မှု
တကယ်တော့ အီရန်နဲ့ဆော်ဒီနှစ်နိုင်ငံရဲ့ ဆက်ဆံရေးကျဲတောက်မှုဟာ ဆယ်စုနှစ်မကတော့ပါဘူး။ တိတိကျကျဆိုရရင်တော့ အီရန်ဘာသာရေး ခေါင်းဆောင်အယာတိုလာခိုမေနီ ဦးဆောင်တဲ့ ရှီးယိုက်အုပ်စုတွေက ၁၉၇၉ ခုနှစ်မှာ အစ္စလာမ္မစ်တော်လှန်ရေးဆင်နွှဲပြီးရှားဘုရင်ကို ဖြုတ်ချခဲ့တဲ့ နောက်ပိုင်းကစလို့ပေါ့။
ထိုစဉ်က အီရန်တို့ရဲ့အစ္စလာမ္မစ်တော်လှန်ရေးကြောင့် အရှေ့အလယ်ပိုင်းက နိုင်ငံအများစုဟာ တုန်လှုပ်သွားခဲ့ကြတယ်။ အထူးသဖြင့် ဆော်ဒီအပါအဝင် ဘုရင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံအများစုဟာ အီရန်တို့က သူတို့ရဲ့အစ္စလာမ္မစ်တော်လှန်ရေးကို ဒေသတွင်းတင်ပို့လာမှာ စိုးရိမ်လာကြတဲ့အတွက် အမေရိကန်ရဲ့ထီးရိပ်အောက်ကို လုံးလုံးလျားလျား ပြေးဝင်ခိုလှုံခဲ့ကြရတယ်။
အမေရိကန်ကလည်း သူ့အကျိုးစီးပွားအတွက် ဆော်ဒီ၊ ဘာရိန်း၊ ကာတာစတဲ့ ရေနံကြွယ်ဝပြီး သဘောထားပျော့ပျောင်းမှုရှိတဲ့ အာရပ်နိုင်ငံတွေကို အကာအကွယ်ပေးခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ဩဇာလွှမ်းမိုးလာအောင်လည်း အာရပ်-အစ္စရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကမကထဦးဆောင်ကျင်းပပေးလိုက်၊ အီရန်၊ အီရတ်၊ လစ်ဗျားစတဲ့ သဘောထားတင်းမာတဲ့ နိုင်ငံတွေကို ပစ်မှတ်ထားပြီး အာရပ်ကမ္ဘာက မဟာမိတ်တွေနဲ့ တင်းမာမှုတွေ ပြင်းထန်လာအောင် မီးထိုးပေးလိုက်၊ လက်နက်တွေရောင်းချလိုက်နဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် ကျင့်သုံးခဲ့တာ ဆယ်စုနှစ်များစွာပါပဲ။
တစ်ဖက်မှာလည်း အမေရိကန်နဲ့အနောက်အုပ်စုဟာ သူတို့ရဲ့ဩဇာမလွှမ်းတဲ့၊ သဘောထား ချင်းမတိုက်ဆိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို မီဒီယာတွေရဲ့အကူအညီနဲ့ အာဏာရှင်တွေ၊ ရက်စက်ကြမ်းကြုတ်သူတွေ၊ ကိုယ်ကျိုးရှာသူတွေ စသဖြင့်ပုံဖော်ခဲ့ကြပါတယ်။ အမေရိကန်သမ္မတဘုရှ် လက်ထက်မှာတော့ ဘုရှ်ကိုယ်တိုင်မြောက်ကိုရီးယား၊ အီရန်နဲ့အီရတ်တို့ကို မကောင်းဆိုးဝါး ဝင်ရိုးတန်းသုံးနိုင်ငံ (Axis of Evil) လို့ ပုံဖော်နာမည်ပေးခဲ့ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု မီဒီယာတွေဆိုတာကလည်း များသောအားဖြင့် သူတို့နဲ့ဆန့်ကျင်ဘက်နိုင်ငံတွေဆိုရင် အဖြူကိုအမည်းဖြစ်အောင် လုပ်ကြံရေးကြ၊ လွှင့်တတ်ကြတယ်။ ကိုယ့်အုပ်စုဝင်မဟုတ်တဲ့ ဆန့်ကျင်ဘက်နိုင်ငံတွေမှာ ဆူပူ၊ ဆန္ဒပြ၊ သပိတ်မှောက်မှုဖြစ်စဉ်တွေ ဖြစ်ပွားပေါ်ပေါက်လာရင် အားပေးအားမြှောက်၊ ပါးဖြဲနားဖြဲရေးသားထုတ်လွှင့်ခဲ့ကြသလို နိုင်ငံပျက်စီးလုနီးအခြေအနေတွေ ဆိုးရွားလာလို့ အုပ်ချုပ်ရေးဘက်က တားဆီးနှိပ်ကွပ်မှုတွေရှိလာ ရင်လည်း “ဧရာမသွေးထွက်သံယိုမှုကြီး”၊ “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး”၊ “အပြစ်မဲ့ လက်နက်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်သတ်ဖြတ်မှုကြီး” စတဲ့စကားလုံးတွေ တန်ဆာဆင်သုံးနှုန်းလေ့ရှိပြီး သူတို့အုပ်စုဝင် ဘက်တော်သားနိုင်ငံတွေမှာ ဆူပူ၊ ဆန္ဒပြ၊ သပိတ်မှောက်မှုတွေ ပေါ်ပေါက်လာရင်တော့ သိုသိုသိပ်သိပ်၊ လက်သိပ်ထိုးလုပ်တတ်ကြပါတယ်။
ကမ္ဘာ့မြင်ကွင်းမှာ သာမန်မျှသာဖြစ်
တူနီးရှား၊ အီဂျစ်၊ လစ်ဗျားစတဲ့အာရပ်နွေဦး တော်လှန်ရေးကာလအတွင်း
မရှေးမနှောင်းဖြစ်ပွားခဲ့တဲ့ အမေရိကန်ရဲ့ မဟာမိတ် ဘာရိန်းအာရပ်နွေဦးတော်လှန်ရေးဟာ ကမ္ဘာ့မြင်ကွင်းမှာ
မထင်မရှား၊ မပေါ်လွင်ခဲ့သလိုများမကြာမီက ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပင်စင်ပြုပြင်ပြောင်းလဲမှုကိစ္စနဲ့
ပတ်သက်ပြီး လူပေါင်းသုံးသိန်းကျော်၊ လေးသိန်းနီးပါးပါဝင်တဲ့ ဆန္ဒပြမှုဖြစ်စဉ်တွေဟာလည်း
ကမ္ဘာ့မြင်ကွင်းမှာ သာမန်မျှသာဖြစ်ခဲ့ပါတယ်။
အမေရိကန်ရဲ့ လိုရင်လိုသလို၊ မလိုရင်မလိုသလို မီးစတစ်ဖက်ရေမှုတ်တစ်ဖက် ကိုင်စွဲထားတဲ့ ကိုယ်ကျိုးစီးပွား အဓိကမူဝါဒကြောင့်လည်း ယနေ့ကမ္ဘာမှာ အမေရိကန်ရဲ့ဩဇာဟာ တဖြည်းဖြည်းကျဆင်းလာတယ်လို့ပဲဆိုရပါမယ်။ ကုလသမဂ္ဂက တားမြစ်ထားတဲ့ အစုလိုက်အပြုံလိုက် သေကျေ ပျက်စီးစေတဲ့ WMD လက်နက်တွေ ထုတ်လုပ်စုဆောင်းထားတယ်ဆိုတဲ့ မဟုတ်မမှန် စွပ်စွဲချက်နဲ့ အမေရိကန်က ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲအပြီးမှာတော့ အမေရိကန်ရဲ့ဩဇာဟာ ကမ္ဘာမှာ ပိုလို့တောင် ကျဆင်းလာခဲ့ပါတယ်။
ဒါကို အမေရိကန်တွေကိုယ်နှိုက်ကလည်း သတိပြုမိခဲ့ကြပါတယ်။ ယေးလ်တက္ကသိုလ် စီမံခန့်ခွဲရေးကျောင်းက ကျောင်းအုပ်ကြီး ဂျက်ဖရီဂါးတင်း ကိုယ်တိုင်ထိုစဉ်က နယူးစ်ဝိခ်မဂ္ဂဇင်းတွင် ကမ္ဘာတစ်လွှားမှာ အမေရိကန်ဆန့်ကျင်ရေးဝါဒ ကြီးထွား လာနေတယ်လို့ သတိပေးရေးသားခဲ့ပါတယ်။ ဒီဆောင်းပါးမှာ anti Americanism လို့ သုံးနှုန်း ဖော်ပြခဲ့ရုံမက ဥရောပမှာအခြေစိုက်တဲ့ အမေရိကန် ကုမ္ပဏီတချို့ရဲ့ အမှုဆောင်တွေက ဝါရှင်တန်ရဲ့ နိုင်ငံခြားရေးပေါ်လစီကို ဆန့်ကျင်တဲ့အစိုးရတွေကို သွင်းကုန်တားဆီးတာမျိုးတွေ မလုပ်သင့်ပါဘူးလို့ပြောတဲ့အကြောင်း ဂါးတင်းက ရေးခဲ့ပါတယ်။
ယခင်က အမေရိကန်ဆန့်ကျင်ရေးဝါဒဟာ လက်ဝဲနိုင်ငံရေးသမားတွေ၊ ပညာတတ်သီးသန့် အလွှာတွေရဲ့ အာဘော်မျှသာဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ လူ့အဖွဲ့အစည်းရဲ့ ကျယ်ပြန့်တဲ့အလွှာစုံကို ပျံ့နှံ့နေပြီလို့လည်း သတိပေးခဲ့ပါတယ်။
ဆယ်စုနှစ် နှစ်စုအကြာ ယခုမျက်မှောက်ကာလမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးတဲ့ သဘောတူညီချက်အရ အီရန်နဲ့ ဆော်ဒီနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်စတင်မှုဟာ ဆောင်းပါးရှင် ဂါးတင်းရဲ့ သတိပေးသုံးသပ်ချက်တွေက အဟုတ်အမှန်တကယ်အသက်ဝင်လာခဲ့ပြီ လို့ပဲ ဆိုရပါမယ်။
အီရန်တို့က ဆော်ဒီနဲ့ပြန်လည်သင့်မြတ်လာခြင်းက ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေး၊လုံခြုံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အပြုသဘောဆောင်တဲ့သက်ရောက်မှုတွေအပြင် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံ တွေအတွက်လည်းပဲ ကုန်သွယ်ရေးနဲ့ စီးပွားရေးကိုမြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ရင်ကြားစေ့သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ခြေလှမ်းကြီးတစ်ရပ်
တရုတ်နိုင်ငံကတော့ “ဆော်ဒီ-အီရန်ဆက်ဆံ ရေးကောင်းမွန်လာမှုဟာ ဒေသတွင်းနိုင်ငံများ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒေသတွင်း တင်းမာမှုအခြေအနေကို ဖြေလျှော့ရေးမှာ အရေးကြီးတဲ့အနက်အဓိပ္ပာယ်ရှိတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးအတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုနဲ့ ပဋိပက္ခဖြေရှင်းရေးရဲ့ အရေးကြီးတဲ့ စံနမူနာဖြစ်ပြီး ပြည်သူ့ဆန္ဒနဲ့လျော်ညီသလို ခေတ် ရေစီးကြောင်းနဲ့ ဒေသတွင်းနိုင်ငံတွေ ဘုံအကျိုး စီးပွားနဲ့လည်းကိုက်ညီတယ်။ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွက် ခမ်းနားတဲ့ဖော်ဆောင်မှုဖြစ်သလို လူသားမျိုးနွယ်တို့ရဲ့ ပဋိပက္ခကို ကျော်ဖြတ်ပြီး ရင်ကြားစေ့သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ ခြေလှမ်းကြီးတစ်ရပ်လည်း ဖြစ်တယ်” လို့ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေ မဟာဗျူဟာ လွတ်လပ်မှု၊ စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်ရေးကို အားဖြည့်မှု၊ ပြည်ပစွက်ဖက်မှုမှ ရုန်းထွက်ကာ အရှေ့အလယ်ပိုင်းရဲ့ အနာဂတ်ကို အရှေ့အလယ်ပိုင်းရဲ့လက်ထဲမှာသာ ထားရှိမှုကို မမှိတ်မသုန်ထောက်ခံအားပေးသွားမယ် လို့လည်း အလေးထားပြောကြားသွားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ယခုရက်ပိုင်း ဩဂုတ်လ ၂၃ ရက်နေ့က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့မှာ ကျင်းပခဲ့တဲ့ (၁၅) ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေးကလည်း ဗဟုအသွင်ပြောင်း ကမ္ဘာ့ အခင်းအကျင်းတစ်ရပ်အဖြစ် ပေါ်ထွက်လာပြန် ပါတယ်။
“ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတို့ဖွဲ့စည်းထားတဲ့ (BRICS)အဖွဲ့ဟာ နိုင်ငံပေါင်းစုံပူးပေါင်းပါဝင်တဲ့ ကမ္ဘာ့အခင်း အကျင်းထက်ပိုတဲ့ အခင်းအကျင်းအသစ်တစ်ခု ဖြစ်လာစေရန် လုပ်ငန်းစဉ်ကို ချဲ့ထွင်နေတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ်က တာ့စ်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က “BRICS နိုင်ငံတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြင်ပစီးပွားရေးစိန်ခေါ်မှုတွေကြားက ပူးပေါင်းဆောင်ရွက်မှု ဆက်လက်နက်ရှိုင်းလျက်ရှိတယ်” လို့ ဩဂုတ်လ ၂၂ ရက်နေ့က ရုပ်သံလင့်ခ်မှတစ်ဆင့် BRICS စီးပွားရေးဖိုရမ်-၂၀၂၃ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သမ္မတပူတင်က “ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ်မှာ တရားမဝင်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ကျင့်သုံးဆောင်ရွက်ခြင်း၊ နိုင်ငံရဲ့ အရန် ငွေကြေးတွေကို ဥပဒေနဲ့ဆန့်ကျင်တဲ့ပိတ်ပင်ခြင်းတွေဟာ အလုံးစုံအနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေရှိခဲ့တယ်” လို့ မှတ်ချက်ပြုခဲ့ပြီး “ဒီလိုလုပ်ဆောင်မှုတွေဟာ အရင်းအမြစ်ပြတ်လပ် ကာ မညီမျှမှုတွေကို တိုးလာစေရုံမက အလုပ်လက်မဲ့ ဖြစ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်စေတယ်။ အဲဒီမှာ ဖွံ့ဖြိုးမှုအားနည်းတဲ့နိုင်ငံတွေကို ထိခိုက်စေ တယ်” လို့ အလေးအနက်ပြောကြားခဲ့တာကို ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အရေးကြီးမိန့်ခွန်းတစ်ရပ် ပြောကြား
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်ကလည်း ထိပ်သီးအစည်းအဝေးမှာ “စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းမည်၊ တာဝန်ယူမှုရှိစွာ ငြိမ်းချမ်းရေးကို မြှင့်တင်မည်”ခေါင်းစဉ်နဲ့ အရေးကြီးမိန့်ခွန်းတစ်ရပ် တက်ရောက်ပြောကြားသွားခဲ့ပါတယ်။
သမ္မတရှီကျင့်ဖျင်က “BRICS နိုင်ငံတွေက နိုင်ငံတကာအခင်းအကျင်းကို ပုံဖော်ရာမှာ အရေးကြီးအင်အားဖြစ်တယ်။ မိမိတို့က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့အဖြစ် ကုန်သွယ်စီးပွား၊ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုတွေကို နက်ရှိုင်း အောင် ဆောင်ရွက်ရမှာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်မှု ဟာ လုယူလို့မရတဲ့ နိုင်ငံတိုင်းရဲ့အခွင့်အရေးဖြစ်ပြီး နိုင်ငံအနည်းစုရဲ့ “မူပိုင်ခွင့်” မဟုတ်ဘူး။ BRICS နိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို အတူအဖော်ပြုလျှောက်လှမ်းကြသူတွေဖြစ်လို့ ကွင်းဆက်ဖြတ်တောက်ခြင်း၊ စီးပွားရေးအကျပ်ကိုင်ခြင်းတွေကို ဆန့်ကျင်ရမယ်” စသဖြင့် ပြောကြားသွားခဲ့ပါ တယ်။
အဆိုပါ ထိပ်သီးအစည်းအဝေးမှာ BRICS ခေါင်းဆောင်တွေဟာ အဖွဲ့ဝင်တွေအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ အဖွဲ့ဝင်အင်အား တိုးချဲ့မှုအပါအဝင် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံခဲ့ ပါတယ်။ ၎င်းခြောက်နိုင်ငံဟာ လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ BRICS အဖွဲ့ဝင်သစ်တွေအဖြစ် စတင်အသက်ဝင်လာမှာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ သမ္မတရှီကျင့်ဖျင်ဟာ ဂျိုဟန်နစ္စဘတ်မြို့မှာ ရောက်ရှိစဉ်အတွင်း တရုတ်-အာဖရိကခေါင်းဆောင်များဆွေးနွေးပွဲမှာ အာဖရိကဒေသ ခေတ်မီအသွင်ပြောင်းမှုအတွက် တရုတ်နိုင်ငံနဲ့ အာဖရိက အတူတကွဆောင်ရွက်သွားဖို့ တိုက်တွန်းပြောကြားပါတယ်။
တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းအာဖရိကရဲ့ အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိတယ်လို့ သိရပါတယ်။ တကယ်တော့ တရုတ်နိုင်ငံနဲ့ အာဖရိကနိုင်ငံတွေရဲ့ ရင်းနှီးချစ်ကြည်မှု၊ အပြန်အလှန် နားလည်ယုံကြည်မှုတို့ဟာ သမိုင်းအစဉ်အလာကြီးမားခဲ့ပါတယ်။၊ ၁၉၅၆ ခုနှစ်မှ ၁၉၇၇ ခုနှစ်အတွင်း အာဖရိက ၃၆ နိုင်ငံကို တရုတ်ရဲ့ထောက်ပံ့ငွေစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၇၆ ဘီလီယံရှိခဲ့ ကြောင်း မှတ်တမ်းတွေအရသိရပါတယ်။
၁၉၆၄ ခုနှစ်ကာလမှာလည်း တန်ဇန်းနီးယား နိုင်ငံရဲ့အကူအညီတောင်းခံမှုကြောင့် တရုတ်နိုင်ငံဟာ တန်ဇန်းနီးယား-ဇမ်ဘီယာမီးရထားလမ်း ကွန်ရက်ကြီးတစ်ခုကို တည်ဆောက်ပေးခဲ့ဖူးပါတယ်။ ထိုစဉ်အခါက တရုတ်ပြည်ရဲ့ စီးပွားရေး အင်အားအရ ကီလိုမီတာ ၁၈၀၀ ကျော်ရှည်တဲ့ တန်ဇန်းနီးယား-ဇမ်ဘီယာမီးရထားလမ်း ကူညီဆောက်လုပ်ရေးအတွက်ဆိုတာ လုံးဝမလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဝန်ကြီးချုပ်ချူအင်လိုင်းဟာ ထိုစဉ်က တရုတ်နိုင်ငံရဲ့ဓနအင်အားကြောင့် ချီတုံချတုံဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကူညီဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အာဖရိကနိုင်ငံတွေအပေါ် ကူညီထောက်ပံ့မှုတွေကလည်း အဟောသိကံအချည်း အနှီးမဖြစ်ခဲ့ပါဘူး။ ၁၉၇၁ ခုနှစ် (၂၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ကုလသမဂ္ဂရဲ့ တရားဝင်နေရာ ပြန်လည်ရရှိရေးဆွေးနွေးချိန်မှာ အဆိုတင်သွင်းတဲ့ ၂၅ နိုင်ငံအနက် ၁၁ နိုင်ငံဟာ အာဖရိကနိုင်ငံတွေ ဖြစ်ပြီး ထောက်ခံမဲပေးတဲ့အခါမှာ ၇၈ နိုင်ငံအနက် အာဖရိကနိုင်ငံ ၂၆ နိုင်ငံက ပါဝင်မဲပေးခဲ့ကြပါတယ်။
နိုင်ငံတကာ သံခင်းတမန်ခင်းကဏ္ဍမှာ မိတ်ဆွေ စစ်မှန်ရင် ဆက်ဆံရေးဟာ ခေါင်းဆောင်အဆက် ဆက် သားစဉ်မြေးဆက်တည်တံ့ခိုင်မြဲနေမှာဖြစ်ပါတယ်။ အပြန်အလှန်ယုံကြည်မှု၊ နားလည်စာနာမှု၊ အပြန်အလှန်ရိုင်းပင်းကူညီမှုတွေကြောင့်လည်း မိတ်ဆွေနိုင်ငံတွေအချင်းချင်းဟာ တူရာတူရာစုဖွဲ့ စုပေါင်းလာခဲ့ကြရာမှ လက်ရှိကာလမှာ ဗဟုအသွင်ပြောင်း ကမ္ဘာ့အခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ။
No comments:
Post a Comment