Thursday, August 31, 2023

ဒုတိယဝန်ကြီးဦးမြင့်စိုး ပွင့်ဖြူမြို့နယ် မျိုးစေ့ထုတ်သမဝါယမအသင်းနှင့် မိုးစပါးစိုက် သမဝါယမအသင်းများကို တွေ့ဆုံ

 

နေပြည်တော် ဩဂုတ် ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့် အတူယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ဆာဖိုးသာ-၁ စပါးမျိုး ၅၄ ရက်သား စိုက်ခင်းနှင့် GW-11 မျိုးစပါးစိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး ကောက်စိုက်သမများအတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာအုပ်စု ရွာသစ်ကလေးကျေးရွာရှိ မိုးစပါး စိုက်ခင်းများအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပွင့်ဖြူမြို့နယ် ဖူးပွင့်မျိုးကောင်းမျိုးသန့်နှင့် မျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ အထွက်တိုးစပါး မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်၊ ဆောင်းသီးနှံစိုက်ပျိုးပြီးနောက် လာမည့်မိုးရာသီ သမဝါယမအသင်းများ၏ စိုက်ဧကများအတွက် အထွက်တိုး မျိုးစပါးထုတ်ပေးနိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ရန်မှာကြားပြီး အသင်းသားတောင်သူ များထံ အထွက်တိုးစပါးမျိုးများနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရာ အသင်းသားတောင်သူများက လက်ခံရယူကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုတွင် (SMART Village) အဖြစ် ဆောင်ရွက်နေသည့်စံပြကျေးရွာသို့ ရောက်ရှိခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ရေး၊ ရပ်ရွာဒေသတည်ငြိမ်အေးချမ်း ရေးတို့အတွက် ရှင်းလင်းဆွေးနွေးမှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ပို့ချနေသော အခြေခံစက်ချုပ်သင်တန်း တက်ရောက်နေသည့် သင်တန်းသူများအားတွေ့ဆုံ၍ ၎င်းတို့ချုပ်လုပ်ထားသော အဝတ်အထည်လက်ရာများကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့်ညောင်ပင်ကျေးရွာအဝင်လမ်း ၁ မိုင် ၄ ဖာလုံအနက် ၇ ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုပြင်ထိန်းရန်ပုံငွေဖြင့် အလံပ္ပါယ်-ဇရပ်ကြီးလမ်းမှ မယ်ဘေ့ကုန်းကျေးရွာသို့ ဆက်သွယ်ထားသောလမ်းအရှည် ၁ မိုင် ၄ ဖာလုံ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment