နေပြည်တော် ဇူလိုင် ၃၁
အာဆီယံ-တရုတ်ဗဟိုဌာန (ASEAN-China Centre-ACC)၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၂၉ ရက် မှ ၃၀ ရက်အထိ တရုတ်နိုင်ငံ ကွမ်းတုန်းပြည်နယ် ရှန်ကျန်းမြို့၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်အာဆီယံ-တရုတ် မဟာပင်လယ်အော်ဒေသ (ကျူးဟိုင်) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (2023 ASEAN-China Greater Bay Area (Qianhai) Economic Cooperation Forum) သို့ တက်ရောက်ကြသည်။
ဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ကျင်းပခဲ့ပြီး အာဆီယံ-တရုတ် စီးပွားရေး၊ စက်မှု၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ်တွင် တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် ခေါင်းဆောင်များနှင့်အတူ ဒုတိယဝန်ကြီးဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားသည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုဖိုရမ်တွင် ဆွေးနွေးမည့် တရုတ်နှင့်အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ ဆွေးနွေးချက်များသည် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် စီးပွားရေးနယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ မဟာပင်လယ်အော် ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် တရုတ်နိုင်ငံတွင်သာမက အာဆီယံနိုင်ငံများတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဖိုရမ်တွင် ဆွေးနွေးမှုများသည် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်တိုးတက်ရေးနှင့် အာဆီယံနှင့် မဟာပင်လယ်အော်ဒေသတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရာတွင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည့် ရလဒ်ကောင်းများ ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့ပြင် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များဖြစ်သော မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အာဆီယံနှင့် မဟာပင်လယ်အော်ဒေသတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ၌ အဓိကဆွေးနွေးသူအဖြစ်လည်းကောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေ အတွင်း ရေးမှူး ဦးအောင်ဇေယျာလွင်က စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း အကြီးအမှူးများဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲ၌လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အာဆီယံ- တရုတ်ဗဟိုဌာန အထွေထွေအတွင်းရေး မှူးချုပ် Mr. Shi Zhongjun၊ တရုတ်နိုင်ငံ ရှန်ကျန်း ပြည်နယ်အစိုးရ၏ ဒုတိယမြို့တော်ဝန် Mr. Wang Shourui ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မလေးရှား နိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာနမှ ဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး၊ ဖိလစ်ပိုင်နိုင်ငံ၏ စက်မှုနှင့် ကုန်သွယ် ရေးဌာန၏ ဒုတိယအကြီးအကဲ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဖိတ်ကြားထားသော ဧည့် သည်တော်များ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တရုတ်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များ၌ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ပြီး မဟာ ပင်လယ်အော်ဒေသ၏ အခန်းကဏ္ဍကို အလေးပေး ထည့်သွင်းဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် အာဆီယံ-တရုတ် ဗဟိုဌာနကယခုဖိုရမ်ကို ဦးဆောင်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment