Thursday, August 31, 2023

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

 

တောင်ကြီး ဩဂုတ် ၃၀

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်အေးမောင်သည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့် အတူယမန်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မြေညီထပ်ရှင်းလင်းဆောင်၌ တည်ဆောက်ရေး တာဝန်ယူဆောင်ရွက်နေသည့် မိုးယံဝင့်ချီကုမ္ပဏီလီမိတက်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အရည်အသွေးထိန်းချုပ်စိစစ်ရေးအဖွဲ့က တွေ့ရှိသုံးသပ်ချက်များနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက စိစစ်တွေ့ရှိချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက သင်တန်းစင်တာ ဖွင့်သည့်အချိန်တွင်သင်တန်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ရန် မှာကြားသည်။

မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်း ပြည်နယ် တိုင်းရင်းသားရေးရာ နှင့် သက်မွေးပညာသင်တန်း စင်တာကို ရှမ်းပြည်နယ်တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၂)ရပ်ကွက် ခပေါင်း ရေကြည်ရပ်၌ ဆောင်ရွက်လျက် ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ရန်ပုံငွေဖြင့် မူလနှစ်ထပ် အဆောက်အအုံမှ လေးထပ် အဆောက်အအုံအဖြစ် တိုးမြှင့်တည်ဆောက်လျက်ရှိပြီး သင်တန်းစင်တာပြီးစီးပါက တိုင်းရင်းသားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးနိုင်သည့်နေရာအဖြစ် ဆောင်ရွက်ရန်ရည်ရွယ်ထားကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယ ဝန်ကြီးနှင့် ပြည်နယ် တိုင်းရင်း သားရေးရာ ဝန်ကြီးတို့သည်တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်း များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆) ချက်နှင့် နိုင်ငံဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ကို စည်းလုံးညီညွတ်စွာ ကြိုးစား ဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်းစဉ်


No comments:

Post a Comment