Tuesday, August 1, 2023

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချခြင်းစသည့် မဟာမင်္ဂလာ အခမ်းအနားများသို့ ကြွရောက်ချီးမြှင့်တော်မူကြမည့် ပြည်ပနိုင်ငံများမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

 

နေပြည်တော် ဇူလိုင် ၃၁

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော် များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချခြင်းစသည့် မဟာမင်္ဂလာအခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် နိုင်ငံတော် အဆင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည် ဖြစ်သည်။






ဖူးမြော်ကြည်ညို

အဆိုပါ မဟာမင်္ဂလာအခမ်းအနားများကို ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ ဘင်္ဂလား ဒေ့ရှ်၊ ရုရှားဖက်ဒရေးရှင်း၊ လာအို၊ သီရိလင်္ကာနှင့်အိန္ဒိယနိုင်ငံတို့မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် ဆရာတော်အပါး ၇၀ ကျော်သည်လည်း ကြွရောက်ချီးမြှင့်တော်မူကြမည်ဖြစ်သည်။ မဟာ မင်္ဂလာအခမ်းအနားများသို့ ကြွရောက်ချီးမြှင့်ရန် နေပြည်တော်သို့ ရောက်ရှိပြီး Jasmine Hotel ၌ ခေတ္တသီတင်းသုံးလျက်ရှိသည့် ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများအား ယနေ့မွန်းလွဲပိုင်းတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ သွားရောက်ဖူးမြော်ကြည်ညိုသည်။

တစ်နိုင်ငံချင်း သီးခြားစီတွေ့ဆုံ

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား နိုင်ငံတော် ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရနှင့် အပြည် ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဆေကိန္ဒတို့က နိုင်ငံအသီးသီးမှ ကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် တစ်နိုင်ငံချင်း သီးခြားစီတွေ့ဆုံ မိတ်ဆက်ပေးသည်။

ထိုသို့ တွေ့ဆုံမိတ်ဆက်ပေးစဉ် ဦးဆောင်ဘုရား ဒါယကာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများအနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက် စာရုံ စေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချခြင်းစသည့် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်ချီးမြှင့်တော်မူသည့်အတွက်များစွာ ဝမ်းမြောက်မိပါကြောင်း၊ ဆရာတော်ကြီးများအပြင် ဆရာတော်ကြီးများ၏ နိုင်ငံအသီးသီးမှနိုင်ငံသူ၊ နိုင်ငံသားများကိုလည်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ လာရောက်ဖူးမြော်ရန်အတွက်လည်း ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ဆရာတော်ကြီးများအနေဖြင့် စိတ်နှလုံး ချမ်းမြေ့စွာဖြင့် သီတင်းသုံးတော်မူနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံအသီးသီးမှ သာသနာတော်ပိုင်ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကိုယ်တိုင် မဟာမင်္ဂလာအခမ်း အနားများသို့ ကြွရောက်ချီးမြှင့်တော်မူသည့် အတွက် သာသနာတော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး ဗုဒ္ဓသာသနာတော်ထွန်းကား ပြန့်ပွားရေးကိုလည်း အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်းဖြင့် လျှောက်ထားသည်။

ဂုဏ်ယူဝမ်းမြောက်

လျှောက်ထားမှုများအပေါ် ကြွရောက်လာကြ သည့် ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများ ယခုကဲ့သို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါ ဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံ စေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချခြင်းစသည့် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်ချီးမြှင့်နိုင်ရေး ဖိတ်ကြားခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ ခရီးစဉ် ကြွရောက်လာရသည့်အတွက် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး သာသနာတော်ဆိုင်ရာကိစ္စရပ်များကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုရသည့်အတွက်လည်း များစွာဂုဏ်ယူမိပါကြောင်းနှင့် မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာတော်၏ ဗဟိုချက်မဖြစ်လာမည်ကိုလည်း ယုံကြည်မိပါကြောင်းဖြင့် ပြန်လည်မိန့်ကြားတော်မူကြသည်။

အလှူငွေများပေးအပ်လှူဒါန်း

တွေ့ဆုံမိတ်ဆက်မှုများအပြီးတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကြွရောက်လာကြသည့်  ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများထံသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ပုံစံတူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဆက်ကပ်လှူဒါန်းခဲ့ သည်။ ထို့နောက် ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများက ဓမ္မလက်ဆောင်များနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်မှုအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူသည်။ အလားတူ ပြည်ပနိုင်ငံများမှ ဆရာတော်ကြီးများနှင့်အတူ လိုက်ပါလာသူများကလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအတွက် အလှူငွေများ၊ သင်္ကန်းတော်များနှင့် ဓမ္မလက်ဆောင်များကို ပေးအပ်လှူဒါန်းကြရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူသည်။

အဆိုပါ ပြည်ပနိုင်ငံများမှ ကြွရောက်လာကြသည့် ဆရာတော်ကြီးများသည် ယနေ့ မွန်းလွဲပိုင်းတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ထားရှိမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိကအဆောက်အဦများ တည်ဆောက်ထားရှိမှု၊ မုစလိန္ဒနဂါးရုံဘုရားနှင့် ကျောက်စာရုံစေတီတော်များ တည်ထားကိုးကွယ်ထားရှိမှုတို့ကို သွားရောက် ဖူးမြော်လေ့လာ ကြည်ညိုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment