Thursday, August 31, 2023

ရက်ပိုင်းအတွင်း စားအုန်းဆီဈေးနှုန်းများ သိသာစွာကျဆင်းစေရေး ဆောင်ရွက်မည်


နေပြည်တော် ဩဂုတ် ၃၀

ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကား ပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စားအုန်းဆီကိုပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီတင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့် နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်း ဖြင့်လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပ ဈေးထက်သက်သာသည့် နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားဖြင့်လည်းကောင်း ပံ့ပိုးဆောင်ရွက်ပေးထားပါကြောင်း၊ ထို့အပြင် ဝယ်ယူတင်သွင်းသူများ ငွေကြေးအခက်အခဲ မပေါ်ပေါက်စေရေးအတွက် ဗဟိုဘဏ်က သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူပေးထားပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီ အခြေခံ ရည်ညွှန်းဈေးကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အပတ်စဉ် ပုံမှန်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပါကြောင်း။

သို့ရာတွင် စားသုံးသူဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများမှာဖြစ်သင့်ဖြစ်ထိုက်သည်ထက် များစွာမြင့်တက်နေပြီး နိုင်ငံတော်အကြီးအကဲ၏ စေတနာဖြင့်ဆောင်ရွက်ပေးသည့် အစီအစဉ်ကို စားသုံးသူပြည်သူများခံစားရခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ စားအုန်းဆီဈေးများမြင့်တက်နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဇူလိုင် (၁) ရက်က ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များအားခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရောင်းချရေး သတိပေးပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုးအမြတ်ရရှိမှု တစ်ခုတည်းကိုသာဦးမတည်ဘဲ စားသုံးသူများသက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဦးစားပေးစဉ်းစားရန်လိုအပ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ညှိနှိုင်းရရှိမှုများကို လက်တွေ့ကျကျ ကြပ်မတ်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း စားအုန်းဆီဈေးနှုန်းများ သိသာစွာကျဆင်းစေရေး ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းပါဝင်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီ ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ လိုအပ်သည့်အစီအမံများချမှတ်ကာ ကြပ်မတ်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် စားသုံးဆီတင်သွင်းဖြန့်ဖြူး သည့် ကုမ္ပဏီများကစားသုံးဆီ ပြည်တွင်းပို့ဆောင် ရာတွင် QR Code ဖြင့် ကြပ်မတ်မည့် အစီအစဉ်၊ နေ့စဉ် ကုန်လက်ကျန်သတင်းပို့မှုအစီအစဉ်၊ လက်ကားနှင့် လက်လီရောင်းချသူများအကြား ဈေးနှုန်းကွာဟမှုမရှိစေရေးနှင့် မြို့ကြီးများအလိုက် သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီ ဝယ်ယူရရှိနိုင်ရေးဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက သတ်မှတ်ရည်ညွှန်းဈေးကို အခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ ဈေးကွက်များ၌ ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းကို ရှောင်ကြဉ်မည်ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးအပေါ် အခြေခံကာ သက်သာသည့် ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ စားသုံးဆီဈေးနှုန်းများကို လက်ရှိအခြေအနေမှ လျှော့ချသွားရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် အပြည့်အဝလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် စားသုံးဆီတင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment