Sunday, July 9, 2023

SEAMEO Singapore Student Challenge (SSSC – 2023) ပြိုင်ပွဲတွင် အာဆီယံ ၁၀ နိုင်ငံ၌ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ ဒုတိယဆုကိုဆွတ်ခူးရရှိ

ရန်ကုန် ဇူလိုင် ၈

စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် စင်ကာပူနိုင်ငံ သိပ္ပံပညာဌာနတို့ ပူးပေါင်း၍ SEAMEO အဖွဲ့ဝင်များ ကြီးမှူးကျင်းပသည့် SEAMEO Singapore Student Challenge (SSSC-2023) သို့ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများသည် အာဆီယံ ၁၀ နိုင်ငံတွင် ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို ပြန်လည်ရောက်ရှိခဲ့ရာ အခြေခံပညာ ဦးစီးဌာန ဒဂုံအမှတ် (၁) အထက်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် များ၊ မိဘဆရာအသင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူတို့၏ မိဘများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ထူးချွန်ကျောင်း ၁၀ ကျောင်းမှ အင်္ဂလိပ်ဘာသာရပ်နှင့် ပညာရပ်ဆိုင်ရာ ထူးချွန်သော အသက် ၁၃ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်အရွေး ချယ်ခံခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ် (၁) အထက် တန်းကျောင်းမှ ထူးချွန် ကျောင်းသား ကျောင်းသူများဖြစ်သည့် မောင်ရှင်းသန့်ကျော်၊ မောင်ဖြိုးဇာနည်အောင်၊ မောင်ဘုန်းမြတ်ဇော်၊ မမေသံစဉ်ထက်၊ မအိမ်သူသူခင်နှင့် ကြီးကြပ်သူ ဒေါ်အေးမြသီတာ (အထက်တန်းပြ) တို့ ရွေးချယ်ခံခဲ့ရ၍ သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

“၂၀၂၃-ခုနှစ် ဇူလိုင်လမှာ ကျင်းပတဲ့ SEAMEO Singapore Student Challenge ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲမတိုင်မီ Online မှာငါးရက်တာ workshop တက်ခဲ့ရပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံ အမှတ် (၁) အထက်တန်းကျောင်းက ကျောင်းသား ကျောင်းသူတွေ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ အာဆီယံ ၁၀ နိုင်ငံက ကျောင်းသား ကျောင်းသူ များနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ဒုတိယဆုကို ရရှိခဲ့တာပါ။ အာဆီယံဒေသတွင်း နိုင်ငံတွေအကြားမှာ ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ယှဉ်ပြိုင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ၊ ဒဂုံ အမှတ် (၁) ကျောင်းအုပ်ကြီး ဒေါက်တာ စန္ဒာမြငြိမ်းနဲ့အတူ ပညာ‌ရေးဝန်ကြီးဌာနက ပံ့ပိုးပေးကြတဲ့ ဆရာ ဆရာမများ၊ ဖိတ်ခေါ်ပေးတဲ့ SEAMEO က တာဝန်ရှိသူများနဲ့ စင်ကာပူနိုင်ငံက ပညာရေးဝန်ကြီးဌာန သိပ္ပံပညာဌာနကို အထူးပဲ ကျေးဇူးတင်ပါတယ်”ဟု ပြိုင်ပွဲဝင် အဖွဲ့ကြီးကြပ်သူ ဆရာမ ဒေါ်အေးမြ သီတာက ပြောသည်။

စင်ကာပူနိုင်ငံတွင် SEAMEO Singapore Student Challenge (SSSC-2023) ပြိုင်ပွဲကို ဇူလိုင် ၅ ရက်နှင့် ၆ ရက်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား ကျောင်းသူများသည် အာဆီယံ ၁၀ နိုင်ငံတွင် Project Presentation ကဏ္ဍ၌ Good Health and Well Being Prac-tices in School Environment ခေါင်းစဉ်ဖြင့် ဒုတိယဆုကို ရရှိခဲ့ ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲ၌ ပထမဆုကို အင်ဒိုနီးရှားနိုင်ငံ တတိယဆုကို ဖိလစ်ပိုင်နိုင်ငံတို့မှ ရရှိခဲ့ကြောင်း သိရသည်။

 သတင်းစဉ်


No comments:

Post a Comment