Sunday, July 9, 2023

မြွေဆိပ်ဖြေဆေး အေးခဲခြောက်များ စတင်ထုတ်လုပ်နိုင်ရေးဆောင်ရွက် မြွေအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှု မရှိစေရေး မြွေဆိပ်ဖြေဆေးများ ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်မည်

 

နေပြည်တော်  ဇူလိုင်  

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ(အင်းစိန်)သို့ သွားရောက်ကြည့် ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် မြွေဆိပ်ဖြေဆေး ထုတ်လုပ် ရေးဌာန အစည်းအဝေးခန်းမ၌ စက်ရုံမှူးက မြွေဆိပ် ဖြေဆေး အေးခဲခြောက်များ စတင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊ ထုတ်လုပ်နေမှုနှင့် တိုးမြှင့်ထုတ်လုပ် နိုင်ရေး အတွက် စက်ပစ္စည်းများ  ထပ်မံဖြည့်တင်း တပ်ဆင်နေမှုအခြေ အနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အေးခဲအခြောက်ခံစက် (Freeze Dryer) အထိုင်ချတပ်ဆင်ခြင်း လုပ်ငန်းများကို  သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ မြန်မြန်ဆန်ဆန် ပြီးစီးအောင်ဆောင်ရွက်ရန်၊ စက်ပစ္စည်းများ အထိုင်ချ တပ်ဆင်ခြင်း လုပ်ငန်းအချိန်မီပြီးစီးမှသာ ကျေးလက်နေပြည်သူများ မြွေအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှု မရှိစေရေး အတွက် မြွေဆိပ် ဖြေဆေးများကို  ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်၍ အလေးထားကြပ်မတ် ဆောင်ရွက် ရန်၊ ထို့ပြင်ပြည်သူများအတွက်  လိုအပ်သော အခြေခံဆေးဝါးများ  စဉ်ဆက်မပြတ် ထုတ်လုပ် နိုင်ရေး အတွက်ဆေးဝါး ကုန်ကြမ်းများနှင့် စက်အရန်ပစ္စည်းများကို ပြည့်စုံ အောင် ဝယ်ယူဖြည့်တင်း ထားရန်နှင့် ဈေးကွက်ကို မျက်ခြည်မပြတ်  လေ့လာစောင့်ကြည့်သုံးသပ်ရန်၊ ဆေးဝါးထုတ် လုပ်သည့် နည်းပညာများ အစဉ်အမြဲ တိုးတက်နေစေရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် မြွေဆိပ်ဖြေဆေး အေးခဲခြောက်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် Freeze Dryer တပ်ဆင်နေမှုနှင့် မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်နေ သည့် နည်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Yekaterinburg မြို့၌  ဇူလိုင် ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် (၁၃)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ တက်ရောက်ရန် အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေး ရှင်းနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလ အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်  စက်မှုနှင့်ကုန် သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Denis V. Manturov၊ Yekaterinburg မြို့တော်ဝန်တို့နှင့်  တွေ့ဆုံ၍  သံမဏိထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ  ကိစ္စရပ်များကို  ဆွေးနွေးသွားမည် ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒုတိယအမြဲတမ်းအတွင်းဝန်၊ စက်မှုဝန်ကြီး ဌာနမှ စက်ရုံမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ကော်ပိုရေးရှင်း Rostec မှ မြန်မာပြည် ကိုယ်စားလှယ်တို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါကုန်စည်ပြပွဲတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင်ကော်ပိုရေးရှင်း “Rostec” ၊ “KAMZ” JSC ၊ “GAZ” Group ၊ “AVTOVAZ” JSC၊ နိုင်ငံပိုင်ကော်ပို ရေးရှင်း “Roscosmos”၊ Concern VKO “AlmazAntei” JSC ၊  နိုင်ငံပိုင်ကော်ပိုရေးရှင်း “Rosatom”၊ “Transmashholding”  JSC၊ “Kasperskiy Laboratory” JSC ၊  “Severstal” PJSC ၊  “Rosseti” PJSC  များအပါအဝင်  ကုမ္ပဏီ ၆၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်း၊ ထို့ပြင်စီးပွားရေးအစီအစဉ်၌ “Digital Manufacturing”၊ “Industrial Innovations” ၊ “Industrial Development” ၊ “Metroplitian Technologies” ၊ “Labour Efficiency” ၊ “Financing of Manufacturing” ၊ “New Mobility” ၊ “Chemical Industry” ၊ “ENG in Industry” ၊ “Educational Solutions in Industry” ၊  “Food Tech/Agri Tech” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲပေါင်း  ၁၀၀ ကျော်ကို  ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment