Monday, July 10, 2023

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သီလဝါဆိပ်ကမ်းဒေသရှိ ဆိပ်ကမ်းတံတားများနှင့် ရန်ကုန်ဘူတာကြီးဝင်းအတွင်းရှိ Rail Bus Engine-RBE စက်ခေါင်းရုံများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဇူလိုင် ၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတကာ ကုန်သွယ်မှုအတွက်အရေးပါသည့် သီလဝါဆိပ်ကမ်းဒေသရှိ နိုင်ငံတကာ ဆိပ်ကမ်းတံတားများနှင့် ရန်ကုန်ဘူတာကြီးဝင်းအတွင်းရှိ Rail Bus Engine-RBE စက်ခေါင်းရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလဝါရှိ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်များကို ကိုင်တွယ် ဝန်ဆောင်မှုပေးနေသည့် Myan-mar International Terminals Thilawa (MITT) ဘက်စုံသုံး ဆိပ်ကမ်းတံတားသို့ရောက်ရှိပြီး MITT ဆိပ်ကမ်းတံတားအတွင်း လှည့်လှည်ကြည့်ရှု စစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ Regency SPC ကုမ္ပဏီ၏ စက်သုံးဆီ ကုန်တင်ကုန်ချ ဆိပ်ခံ တံတားနှင့် စက်သုံးဆီသိုလှောင်ကန်များ၊ International Bulk Terminal Thilawa (IBTT) ကုမ္ပဏီ၏ ကောက်ပဲသီးနှံ ဆိပ်ခံတံတား၊ ပိတောက်ရွှေဝါကုမ္ပဏီ လီမိတက်၏ စက်သုံးဆီ ကုန်တင်ကုန်ချဆိပ်ခံတံတားနှင့် Wilmar Myanmar Port Terminal (Thilawa) Ltd. ၏ ကောက်ပဲသီးနှံ ဆိပ်ခံတံတားများသို့ သွားရောက်၍ စက်သုံးဆီတင် သင်္ဘော၊ ဓာတ်မြေဩဇာတင် သင်္ဘောများပေါ်မှ ကုန်ပစ္စည်းများ ကုန်တင် ကုန်ချဆောင်ရွက်နေမှု၊ ကောက်ပဲသီးနှံနှင့် ပြောင်းဖူးစေ့များ ပြည်ပသို့ တင်ပို့ရန်ဆောင်ရွက်နေမှုနှင့် ဆိပ်ကမ်းဝင်းအတွင်းရှိ ခေတ်မီစက်ရုံကြီးများဖြင့် တန်ဖိုးမြင့် (Value Added) ထုတ်ကုန်များ ထုတ်လုပ်နေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတံတားအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Wilmar Myanmar Port Terminal (Thilawa) Ltd. ၏ အစည်းအဝေးခန်းမ၌ သီလဝါဆိပ်ကမ်းဒေသ ရှိ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း ရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ ရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သီလဝါဆိပ်ကမ်းဒေသရှိ မြေကွက် ၃၇ ကွက်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆိပ်ခံတံတားများ နေရာချထားပေးခဲ့မှု၊ လက်ရှိတွင် ဆိပ်ခံတံတားတည်ဆောက်ပြီးစီး၍ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသော ကုန်သေတ္တာနှင့် အထွေထွေကုန်စည်ဆိပ်ခံတံတား ကိုးစင်း၊ စက်သုံးဆီနှင့် LNG ဆိပ်ခံတံတားရှစ်စင်းနှင့် ကောက်ပဲသီးနှံ ဆိပ်ခံတံတား နှစ်စင်း စုစုပေါင်းတံတား ၁၉ စင်းတို့တွင် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆိပ်ခံတံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ဆဲဖြစ်သော တံတား ၁၈ စင်း ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။

အကြံပြုချက်များတင်ပြ

ဆက်လက်၍ သီလဝါဆိပ်ကမ်းဒေသရှိ ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ၊ အဖွဲ့အစည်းများက ဆိပ်ကမ်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ကြုံတွေ့ရသည့်အခက်အခဲများ၊ ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များနှင့် အကြံပြုချက်များကို တင်ပြကြသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ပင်လယ်ရေကြောင်းကုန်သွယ်မှုသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျသဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် အဓိကကျသည့် ဆိပ်ကမ်းကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့်လည်း ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သူများကို လိုအပ်သောပံ့ပိုးမှုများ ဖြည့်ဆည်းဆောင်ရွက် ပေးရန်နှင့် ဥပဒေနှင့်အညီ စနစ် တကျ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ကြီးကြပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံတော်အတွက် ဝင်ငွေများစွာရှာဖွေပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြရာ ဆိပ်ကမ်းလုပ်ငန်းသည် အရင်းအနှီးကြီးမားသည့် Infrastructure Invest-ment လုပ်ငန်းဖြစ်ခြင်း၊ နည်းပညာနှင့် ကျွမ်းကျင်လုပ်သားများ အစဉ်အမြဲလိုအပ်နေခြင်းတို့ကြောင့် ပုဂ္ဂလိကအခန်းကဏ္ဍသည် အလွန်အရေးပါပါကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာဆိပ်ကမ်းများနှင့် တန်းတူရင်ပေါင်တန်း၍ စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် ဆိပ်ကမ်းဝန်ဆောင်မှုကောင်းများကိုပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ၏ ဖြစ်ပေါ်တိုးတက် မှုများကိုလည်း မျက်ခြည်မပြတ် လေ့လာသုံးသပ်၍ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ကြရ မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး (Safety) အပြင် လုံခြုံရေး (Security) ကိုလည်း အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေး မှာကြားပြီး ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ဘူတာကြီးဝင်းအတွင်းရှိ Rail Bus Engine-RBE စက်ခေါင်းရုံသို့ရောက်ရှိပြီး စက်ခေါင်းရုံအတွင်း၌ West Corporation ထံမှ လက်ခံ ရရှိသည့် RBE တွဲများ ပြုပြင်ဆောင်ရွက်နေမှုနှင့် ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့မီးရထားအထွေထွေမန်နေဂျာ(စက်မှု/လျှပ်စစ်)နှင့် RBE စက်ရုံ၊ စက်ရုံမှူးတို့က ရှင်းလင်းတင်ပြမှုအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment