Wednesday, July 12, 2023

ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ ဇူလိုင် ၁၂

ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။











အစည်းအဝေးသို့ ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီး ဆက်လက်ဆောင်ရွက်မည့် ပြန်လည် ထူထောင်ရေး ကိစ္စများနှင့်ပတ်သက်၍ လမ်းညွှန်ခဲ့ပါကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာဖူလုံရေး သည် အဓိကဖြစ်ကြောင်း၊ အမိုးအကာအောက်ရောက်ရှိရေးနှင့် ပညာသင်ကြားရေး၊ ကျန်းမာရေးကိစ္စရပ်များ လစ်ဟင်းမှုမရှိစေရေးတို့ကို မှာကြားခဲ့ပါကြောင်း၊ မှာကြားချက်များကို အကောင်အထည်ဖော်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ ကိုယ်တိုင်အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိခြင်းကြောင့် အချိန်တိုအတွင်း ပြည်နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့နယ်များတွင်လည်း တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများ၊ ကျွဲ၊ နွားများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ခိုင်းကျွဲခိုင်းနွားများ ထိခိုက်ပျက်စီးခဲ့မှုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အစီအမံများလည်း ဆောင်ရွက်ထားရှိပါကြောင်း၊ အလားတူ ဝက် ၊ ကြက်မွေးမြူရေး လုပ်ကိုင်ဆောင်ရွက်နေသူများကို မျိုးကောင်းမျိုးသန့်သားပေါက်များရရှိနိုင်ရေး ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မုန်တိုင်းသင့်ဒေသများတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာ ထူထောင်ခြင်းလုပ်ငန်းကိုလည်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရန် ခရိုင်နှင့်မြို့နယ်အလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများလည်း ထုတ်ချေးပေးထားပါကြောင်း၊ မြေပြင်တွင်အမှန်တကယ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများကိုလိုအပ်သည့် နည်းပညာနှင့်ပံ့ပိုးမှုများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့် မွေးမြူရေးကဏ္ဍများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်းရှင်များက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုးချဲ့မွေးမြူနိုင်ရေး လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

(သတင်းစဉ်)

 

No comments:

Post a Comment