Wednesday, July 12, 2023

နောင်အနာဂတ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေလိုပါက ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးရမည်


နေပြည်တော် ဇူလိုင် ၁၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေတက္ကသိုလ်သို့သွားရောက်၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသောစာသင်ဆောင်များ ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက် ဖြည့်ဆည်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။

အားပေးစကားပြောကြား

ထို့နောက် စာသင်ခန်းများအတွင်း အေးချမ်းစွာပညာသင်ကြားနေသည့် ဆရာ ဆရာမများ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားရာ ပြည်ထောင်စုဝန်ကြီးက ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းသည်ပညာရေးအပေါ်တွင် အဓိကရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း နောင်အနာဂတ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေလိုပါက ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကို လမ်းညွှန်မှာကြားထားသဖြင့် မိမိတို့၏ ပညာရေး အရည်အသွေးမြင့်မားအောင် အလေးထား၍ အမြဲတမ်းကြိုးစားသင်ယူကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စာသင်ဆောင်များကို ကောင်းမွန်အောင် အလျင်အမြန် ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မိမိတို့တက္ကသိုလ် စာသင်ဆောင်၊ ကျောင်းဆောင်များ အရှည်တည်တံ့ခိုင်ခံ့ရေး၊ သန့်ရှင်းသပ်ရပ်သာယာရေးအတွက် ဆရာဆရာမများနှင့်အတူ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ဘဝ၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေမည်မှာ ပညာရေးသာဖြစ်၍ ပညာတတ်အောင် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့်လည်း မိမိတို့တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများကို ပညာတတ်အောင် သင်ကြားရုံမျှသာမက မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ပြည့်ဝ၍ အကျင့်စာရိတ္တကောင်းမွန်သည့် လူတော်လူကောင်းများဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ သင်ခန်းစာများ သင်ကြားနေမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံစုအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်၍ အေးချမ်းစွာ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများနှင့် သင်ကြားစီမံ ဆောင်ရွက်နေသည့် ဆရာ ဆရာမများကို သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကျည်းမြိုင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သို့သွားရောက်၍ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ချီးမြှင့်ထောက်ပံ့ငွေပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment