မြင့်စိုး(နတလ)
အားကစား ဖိတ်စာလေးတစ်စောင်
ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာကော်မတီက ကြီးမှူးကျင်းပသော မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်၍ တက်ရောက်ပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်.....တဲ့။ ကျင်းပမည့် အစီအစဉ်ကို ဖတ်ကြည့်လိုက်သောအခါ ဇူလိုင်လ ၂၉ ရက် စနေနေ့မွန်းလွဲ ၃ နာရီခွဲအချိန် စစ်တွေ မြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဓညဝတီ အားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း တွေ့ရသည်။ သောကြာနေ့ ညနေတွင် သည်ဖိတ်စာလေးကို လက်ခံရရှိသည်။ မိုခါမုန်တိုင်းလွန်ကာလ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် စစ်တွေမြို့သို့ ရောက်ရှိနေစဉ် အခမ်းအနားတက်ပေးပါရန် ဖိတ် ကြားသည်ဆိုသော်လည်း အစီအစဉ်အသေးစိတ်ကို ကျွန်တော်သိထားပြီးပေပြီ။ တစ်ဖက်အသင်းက စစ်တွေတက္ကသိုလ်လက်ရွေးစင် လှပျိုဖြူသမီးငယ်လေးများ၊ သည်ဘက်အသင်းမှာတော့ ခေတ္တရောက် ရှိနေသော ဒုတိယဝန်ကြီးများရော၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများရော၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများရော စုပေါင်းဖွဲ့စည်းထားသည့် အသက် ၅၀ နှစ်နှင့် ၆၅ နှစ်ကြား အဘိုးကြီးအသင်းဟု ပြောရမည်သာ။ ကျွန်တော်တို့လည်း ပါဝင်ကစား မည်ဖြစ်၍ဖိတ်စာရပြီး မကြာခင်မှာပင် ဘောလုံး ကန်အင်္ကျီ၊ ဘောင်းဘီများ ပေးပို့လာပါသည်။
ဖိတ်စာလေးတွေ့လိုက်ရကတည်းက ကျွန်တော့်စိတ်အလျဉ်သည် စစ်တွေမြို့မှ ခေတ္တခဏ ခွာတုံပြုကာ ၁၉၉၆ ခုနှစ်တွင် ကျွန်တော်နေထိုင်ခဲ့ဖူးသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာ-ထိုင်း နယ်စပ် အနီးရှိ ဟိုမိန်းမြို့လေးသို့ ရောက်ရှိသွားပါတော့သည်။ နေထိုင်ခဲ့ဖူးသည်ဟု ကျွန်တော်သုံးနှုန်းလိုက် ခြင်းမှာ ဦးခွန်ဆာ၏ MTA အဖွဲ့ အကြွင်းမဲ့လက်နက်စွန့်ခဲ့သည့် ၁၉၉၆ ခုနှစ် ဇန်နဝါရီလမှစတင်ကာ နှစ်ကုန်သည်အထိ တစ်နှစ်တိတိ နေထိုင်ခဲ့ရသောကြောင့်ပါတည်း။ ၎င်းအဖွဲ့ကြီး လက်နက်စွန့်ပြီဆို ကတည်းက တပ်မတော်၊ ထွေ/အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နတလ၊ လဝက၊ အကောက်ခွန်၊ တရားရေး၊ ဥပဒေ စသည့် သက်ဆိုင်ရာဌာနအသီးသီးက အဖွဲ့ဝင် ၃၅ ယောက်ကို ဟိုမိန်းဒေသ အထူးအုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းစေလွှတ်ခဲ့ခြင်းဖြစ်သည်။ တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျွန်တော်တို့ အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ MTA အဖွဲ့မှ တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများကလည်း ပူးပေါင်း ပါဝင်ကူညီကြသဖြင့် လုပ်ငန်းမှန်သမျှ အားလုံးအဆင်ပြေချောမွေ့စွာ အောင်မြင်ပြီးမြောက်ခဲ့သည်ဟု ပြောရပေမည်။
ဌာနအလိုက် ကိုယ်စီတာဝန်များခွဲဝေ
တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဟိုမိန်းမြို့ပေါ်မှာရော ကျေးရွာ တွေမှာပါ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေး အဖွဲ့တွေဖွဲ့သည်။ တရားရေးနှင့်ဥပဒေဆိုင်ရာများ ဟောပြောဆွေးနွေးသည်။ လဝကအဖွဲ့တွေက နေရပ်ပြန်သူတွေရော၊ ကျန်နေမည့်သူတွေရော မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေ လုပ်ပေးသည်။ အကောက်ခွန်အဖွဲ့က မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ယာယီ မှတ်ပုံတင်နံပါတ်များ စိစစ်ဆောင်ရွက်ပေးသည်။ ဥက္ကဋ္ဌ ဗိုလ်မှူးငွေထွန်း၊ အတွင်းရေးမှူး ဗိုလ်ကြီး ကျော်ရွှေ (ဗိုလ်မှူးချုပ်ကျော်ရွှေ-ငြိမ်း)တို့ အစီအစဉ်ဖြင့် ဟိုမိန်း-လင်းခေး၊ ဟိုမိန်း-တောင်ကြီး မော်တော် ယာဉ်လိုင်းတွေ ဖွင့်သည်။ ဟိုမိန်းတွင် လာရောက် အခြေပြုထားသော တပ်မမှူး၏ ညွှန်ကြားချက်ကို နာခံ၍ MTA တပ်ဖွဲ့ဝင်များအား ဌာနေပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရေးဆောင်ရွက်ကြသည်။ ကျွန်တော်တို့ နတလအဖွဲ့၏တာဝန်က စာသင်ကျောင်းများ၊ ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ရေး၊ အမှတ် ၂၀၃ စပါးမျိုးများကို ဟိုမိန်းဒေသတွင် အောင်မြင်စွာစိုက် ပျိုးပြသရေးတို့ပဲ ဖြစ်သည်။ စပါးစိုက်ပျိုးရေး လုပ်ငန်း အောင်မြင်သလားမမေးနှင့်၊ နတလမှ ပေးပို့လာသော လက်တွန်းထွန်စက် သုံးစီးနှင့် လယ် ၁၀ ဧကကျော် မြေပြင်ပြီးချိန်မှာ ကောက်စိုက်ပွဲတော် ပြုလုပ်ခဲ့ရာ ဟိုမိန်းမြို့ပေါ်ရပ်ကွက်များဖြစ်သော ဟွေပန်ဆေ၊ နားမိုင်၊မိန်းမိုင်၊နားမိုက်လေ၊ မတ်လန်း၊ ဟွေခါးမွန်၊ ပန်သပြေ စသည်တို့မှ လုပ်အားပေး ကောက်စိုက်သမ ၃၀၀ ကျော် တပျော်တပါး ပါဝင်စိုက်ပျိုးပေးခဲ့ကြသည်။ ဟိုမိန်းဒေသမှာ အကြောင်းအမျိုးမျိုးဖြင့် လာရောက်နေထိုင်ကြသော်ငြား နေရပ်ဇာတိမြို့ရွာများဆီက မိရိုးဖလာကောက်စိုက်ခြင်းကို လွမ်းနေကြလျော့ထင့်။ ပျော်လိုက်ကြသည်မှ တပြုံးပြုံး၊ ကောက်ညှင်းပေါင်းနှင့် အကြော်ကျွေးသည့်အဖွဲ့ကလည်း တအုန်းအုန်း။ လွမ်းပဲ လွမ်းမိသေးတော့ ဟိုမိန်းရေ.......။
ငြိမ်းချမ်းရေးသင်္ကြန်နှင့် ချစ်ကြည်ရေးဘောလုံးပွဲ
၁၉၉၆ ခုနှစ် ဟိုမိန်းသင်္ကြန်နှင့် ၁၉၉၁ ခုနှစ် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်သင်္ကြန် တို့ကို ကျွန်တော်က ငြိမ်းချမ်းရေးသင်္ကြန်ဟု အမြဲတင်စားခေါ်ဝေါ်ခဲ့သည်။ ၁၉၉၁ ခုနှစ် ဧပြီလဆန်းပိုင်းတွင် ဦးအိုက်မုန်းခေါင်းဆောင်သော PSLA အဖွဲ့ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီးနောက် ကျွန်တော်တို့ ရမခစစ်ဗျူဟာ(၁)နှင့် တပ်ရင်းအသီးသီးက တပ်မတော်သားများ၊ PSLA တပ်ဖွဲ့ဝင်များ၊ ဒေသခံပလောင်တိုင်းရင်းသား တိုင်းရင်းသူများ နမ့်ဆန်သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။ ငြိမ်းချမ်းခြင်း၏ နိမိတ်ပုံ၊ တကယ့် ငြိမ်းချမ်းရေးသင်္ကြန်ပွဲတစ်ခုပါပေ။ ဟော.........၁၉၉၆ ခုနှစ် ဧပြီလ၌ ဟိုမိန်းတွင်ကျခဲ့သော သင်္ကြန်မှာလည်း တပ်မတော်သားများ၊ MTA တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားတိုင်းရင်းသူများ ပါဝင်ဆင်နွှဲကြသောကြောင့် ကျွန်တော့်ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်လို့ရနိုင်တော့ မည်မဟုတ်သော ဒုတိယမြောက်ငြိမ်းချမ်းရေး သင်္ကြန်ဖြစ်သည်။ ဦးခွန်ဆာ၏ ညာလက်ရုံးနှင့် ဘယ်လက်ရုံးဟုပြောနိုင်သော MTA ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ အမျိုး သမီးအသင်း WASS အဖွဲ့ခေါင်းဆောင် ဒေါ်ခေးဆစ်နှင့် ဒေါ်နှောင်းတို့၏ ပါဝင်ကူညီမှု၊ စည်းရုံးမှု အင်အားတို့ဖြင့်ပွဲက ထင်ထားသည်ထက် ပိုစည်သွားခြင်းဖြစ်သည်။ အစ်မကြီး ဒေါ်ခေးဆစ် တစ်ယောက်ကွယ်လွန်ခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိလျော့ထင့်။
ချစ်ကြည်ရေးဘောလုံးပွဲကတော့ ရပ်ကွက် လိုက်အသင်းတွေပါဝင်ပြီး တပ်မတော်မှလည်း နှစ်သင်း ပါဝင်သည်။ ကျွန်တော်က မိန်းမိုင်ရပ်ကွက်အသင်း၏ အသင်းခေါင်းဆောင်၊ အနိုင်အရှုံးကို အဓိကမထားဘဲ တပ်မတော်နှင့် ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ၊ MTA လက်ကျန်တပ်ဖွဲ့ဝင်များ ချစ်ကြည်ရင်းနှီးစေရန်၊ ဒေသဖွံ့ဖြိုးရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ ကျွန်တော်တို့လို ရပ်ကွက်အသင်းတွေမှာ ပါဝင်ကစားနိုင်ခြင်းမရှိသော တရားသူကြီး ဦးဝင်းမြင့်ဦး၊ ရှေ့နေကြီး ဦးစိုးသန်း၊ ထွေ/အုပ်က ဦးမောင်မောင်၊ လဝက ဦးသန်းမြင့်၊ အကောက်ခွန်က ဦးတင်ဝင်းတို့ အဖွဲ့ကိုတော့ ကညာပျိုနှင့် ဇရာအိုကန်ကြသည့်ပွဲမှာ ပါဝင်စေခဲ့သည်။ ဒေသခံ ရှမ်းသမီးပျိုလေးများ ကြားမှာလဲလိုက် ကွဲလိုက်ကစားနေကြရသော သူတို့တစ်သိုက်ကြောင့် ကြည့်ရသူအားလုံး ရယ်မောပျော်ရွှင်ခဲ့ကြရသည်ကို သတိရမိသည်။ ထိုနေ့က MTA အဖွဲ့ ဒုတိယခေါင်းဆောင် ဦးကျန်ဆုရှင် တစ်ယောက်ကုတ်အင်္ကျီ၊ ဘောင်းဘီ၊ ရှူးဖိနပ်တို့ကို သပ်ရပ်စွာဝတ်ဆင်ပြီး ဘောလုံးပွဲမစမီ နာရီဝက်ခန့် အလိုကတည်းက ရောက်ရှိလာကာ တလေး တစား ကြည့်ရှုအားပေးသွားခဲ့သည်။ ယခုအချိန်မှာတော့ ဦးခွန်ဆာ၊ ဦးကျန်ဆုရှင်နှင့် ဘောလုံးပွဲ ဒိုင်လူကြီး ဦးရွက်ခေးတို့အားလုံး ကွယ်လွန်ခဲ့ကြပေပြီ။ ဦးနော်မိန်းခွမ်းကိုတော့ ယခုနှစ်ဆန်းပိုင်းက ကျွန်တော်ရောက်ရှိခဲ့သော ဟိုမိန်းဒေသခရီးစဉ်၌ ကျန်းမာစွာတွေ့ခဲ့ရသည်။
စစ်တွေမြို့က ချစ်ကြည်ရေးဘောလုံးပွဲ
ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ ကျင်းပခဲ့သော ဘောလုံးပွဲသည် ချစ်ကြည်ရေးဘောလုံးပွဲဟု အမည်တပ်ထားသော်လည်း ထိုထက်ပို၍ ရည်ရွယ်ချက် လေးနက်ပါသည်။ မိုခါမုန်တိုင်း တိုက်ခတ်ခံ ရပြီးနောက် ဒေသခံပြည်သူများရော၊ ဝန်ထမ်းများရော၊ ကျောင်းသား ကျောင်းသူများကအစ အနည်း နှင့်အများဆိုသလို ကိုယ်စိတ်နှစ်ပါးစလုံး ထိခိုက်ပင်ပန်းနွမ်းနယ်ခဲ့ကြရသည်။ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုကိုခံယူ၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြရသည်။ အချိန်တိုအတွင်းမှာပင် မူလအခြေအနေများသို့ ရောက်လုနီးပါး ဖြစ်လာခဲ့သည်။ ဤသည်မှာလည်း အရှိန်အဟုန်ပြင်းပြင်းနှင့် ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းအပေါ် နိုင်ငံတော်အစိုးရနှင့် ပြည်သူစည်းလုံးညီညွတ်စွာ လက်တွဲ၍ ပြန်လည်တုံ့ပြန်နိုင်ခြင်း ရလဒ်ကောင်းတစ်ခု၏ ထင်ရှားသော ပြယုဂ်တစ်ခုဖြစ်ခဲ့သည်။ တစ်နည်းပြောရလျှင် အောင်ပွဲဟု ဆိုရပေမည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မုန်တိုင်းသင့်ရခိုင်ဒေသ၏ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပြန်လည်မြှင့်တင်ဆောင်ရွက်ပေးရန် လိုသကဲ့သို့ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော လူငယ်လူရွယ်များ၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ ခံယူချက်များ မြင့်မားတိုးတက်လာစေရေးအတွက် အားကစားကဏ္ဍကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန် လိုပါသည်။ ယနေ့ အားကစားပွဲကိုဝန်ကြီးချုပ် ဦးထိန်လင်း တက်ရောက်အမှာစကားပြောကြားရာ၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်း အားကစားကွင်းများ၊ အားကစားရုံများ ပျက်စီးခဲ့၍ အားကစား ပြိုင်ပွဲများ ရပ်တန့်သွားခဲ့ကြောင်း၊ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ပြုပြင်ပေးနေကြောင်း၊ ယနေ့ ကျင်းပသည့်ဘောလုံးပြိုင်ပွဲမှအစပြု၍ နောက်ပိုင်းတွင် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားကို မြှင့်တင်ခြင်းသည် မိမိဒေသ၊ မိမိနိုင်ငံတော်ကို မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစား သမားများစွာ မွေးထုတ်ပေးခဲ့သည့် အစဉ်အလာရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်လည်း ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများက ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ်နှစ်ခုရယူပေးခဲ့ကြကြောင်း၊ မိုခါမုန်တိုင်းပြီးခါစအချိန် ကာလပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင်လည်း ရခိုင်ပြည်နယ်အနေဖြင့် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့ပါကြောင်း၊ အားအလွန်ပြင်းသော မိုခါမုန်တိုင်းကို နိုင်ငံတော်အစိုးရနှင့် လက်တွဲပြီး ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်တုံ့ပြန်အနိုင်ယူခဲ့ကြသည့် ရက္ခိတစိတ်ဓာတ်အပြည့်ရှိသော တိုင်းရင်းသားများပီပီ အားကစားပြိုင်ပွဲတွင် ခွန်အားပြည့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသလို ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင်လည်း အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း၊ ရက္ခိတစိတ်ထားနှင့်အညီ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်သည့်အပြင် ပေါင်းစည်း ညီညွတ်အားဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
ယနေ့အားကစားပွဲသို့ ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုပ်အားဒါနပေးလှူရန် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား ၁၅၀၀ ခန့် တက်ရောက်အားပေးကြည့်ရှုခဲ့ကြသည်။ ပြိုင်ပွဲ အပြီးတွင် ၅ ဂိုး၊ ၄ ဂိုးဖြင့် အနိုင်ရသွားသော စစ်တွေတက္ကသိုလ် ကျောင်းသူလေးများအသင်းအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီးတို့က ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းနှင့် ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆက်လက် ၍ ဌာနဆိုင်ရာဝန်ထမ်းများအသင်းကိုလည်း ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပါသည်။ ၎င်းပြင် စစ်တွေ ကွန်ပျူတာတက္ကသိုလ်အတွက် အားကစားပစ္စည်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးက လည်းကောင်း၊ စစ်တွေနည်းပညာတက္ကသိုလ်အတွက် အားကစားပစ္စည်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
စာရေးသူ၏ ဆန္ဒမွန်
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ ဆောင်းပါးအမှတ်စဉ် (၆) ကို ရေးသားခဲ့စဉ်က ရခိုင်ပြည်နယ်ဇာတိဖွား နိုင်ငံ့ဂုဏ်ဆောင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရယူပေးခဲ့ကြသော ဘောလုံး၊ ပြေးခုန်ပစ်အားကစားသမားကြီးများမှသည် ပြီးခဲ့သည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း၌ အမျိုးသမီးဘောလုံးပြိုင်ပွဲ ငွေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင်ဘောလုံးသမား နော်ထက်ထက်ဝေအထိ ဂုဏ်ပြုဖော်ပြပေးခဲ့ပါသည်။ ပြည်နယ်အစိုးရအဖွဲ့၏ အားပေးချီးမြှောက်မှု၊ ရက္ခိတစိတ်ထားဖြင့် အားကစားသမားများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့် ပို၍ပို၍လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ ပေါ်ထွက်လာပါဦးမည်။ ပေါ်ထွက်မည်ဟုလည်း စာရေးသူအနေဖြင့် အလေးအနက် ယုံကြည်မိပါသည်။ ရခိုင်ပြည်နယ် အားကစား အစဉ်ထာဝရ မြင့်မားတိုးတက်ပါစေ။ ။
No comments:
Post a Comment