Wednesday, July 12, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်တွေ၊ မြေပုံ၊ ပေါက်တောမြို့နယ်များ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး

 


စစ်တွေ ဇူလိုင် ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် လိုက်ပါလာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ မြေပုံမြို့နယ်နှင့် ပေါက်တောမြို့နယ်များအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

 







 ညှိနှိုင်းဆွေးနွေး

ဦးစွာ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် စစ်တွေမြို့အမှတ် (၁၂) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲသို့ သွားရောက်ပြီး မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်အဆောက်အဦများ ပြန်လည် ပြုပြင်နေမှု၊ ယာယီဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ ရဲတပ်ဖွဲ့ခွဲမှူးရုံး၌ မိုခါမုန်တိုင်းဒဏ်ကြောင့် အဆောက်အဦများနှင့် နေအိမ်တန်းလျားများ ပြုပြင် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးကြသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် စစ်တွေလေဆိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမော်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် လေဆိပ်အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးခဲ့မှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြရာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက လေယာဉ်ကွင်းနှင့် လေဆိပ်အဆောက်အဦများ သန့်ရှင်းသာယာရေး၊ လေယာဉ်ပြေးလမ်း တစ်ဖက်တစ်ချက်နှင့် လေယာဉ်ရပ်နားရန် နေရာအနီးရှိ ချုံနွယ် ပေါင်းမြက်များ ရှင်းလင်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာတို့က မုန်တိုင်းဒဏ်ကြောင့် ပြတ်တောက်ခဲ့သည် ဆက်သွယ်ရေးလိုင်းများ၊ အဝေး ဆက်သွယ်ရေးလမ်းကြောင်းများ၊ ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြပြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ဆက်သွယ်ရေးရုံးဝင်းအတွင်း ယာယီ တာဝါတိုင် တည်ဆောက်ထားရှိမှုနှင့် တာဝါတိုင်အသစ်တည်ဆောက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆိပ်ခံတံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ထိုမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ကာ ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ဘဏ်ငွေတိုက်နှင့် ဘဏ်လုံခြုံရေးရဲကင်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် အမှတ် (၃၆) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲသို့သွားရောက်ပြီး အစည်းအဝေးခန်းမ၌ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေး စကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မြေပုံမြို့သို့ သွားရောက်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် မြေပုံမြို့နယ် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ရှင်းလင်းဆောင်ရွက်ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျဖြန့်ဝေထားရှိမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦးက မိမိတို့ဌာနအလိုက် လုပ်ငန်းတာဝန်များကို စည်းစည်း လုံးလုံးဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မြို့မိ၊ မြို့ဖ များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွား ကြရန် ပြောကြားသည်။ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် မြို့မရဲစခန်းနှင့် စခန်း အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး မြန်မာ့စီးပွားရေးဘဏ် သို့ သွားရောက်၍ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ ဘဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ပေါက်တောမြို့သို့သွားရောက်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပေါက်တောမြို့နယ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ဆန်နီအုန်းက ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိနေမှု၊ စနစ်တကျ ဖြန့်ဝေထားရှိမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ပေါင်းစပ်ညှိနှိုင်း

တင်ပြချက်များအပေါ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက မုန်တိုင်းတိုက်ခတ်ပြီးနောက် ပညာရေး၊ ကျန်းမာရေး၊ သာသနိကအဆောက်အဦများကို ဦးစားပေးဆောင်ရွက်ခဲ့မှု၊ မိုးစပါးများ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ထွန်စက်နှင့် လက်တွန်း ထွန်စက်များဖြန့်ဖြူးပေးထားမှု၊ အထွက်နှုန်း ကောင်းသည့် မျိုးစပါးများဖြန့်ဝေပေးနေမှု၊ ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်အောင်ဆောင်ရွက် ခဲ့မှုနှင့် လျှပ်စစ်မီးများရရှိအောင် ဆောင်ရွက်ခဲ့မှုနှင့် ကျေးရွာများအထိ လျှပ်စစ်မီးများရရှိနိုင်ရေး ဆောင်ရွက်နေမှုတို့ကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment