Tuesday, July 11, 2023

ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁၀

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်ရှိ ပညာကျောင်းများ၏ ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (နေပြည်တော်)ရှိ အားကစား ခန်းမ၌ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ၊ တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းအုပ်ချုပ်မှု တာဝန်ခံ အရာရှိများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကဏ္ဍကြီးသုံးရပ်ထုဆစ်ပုံဖော်

ဦးစွာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက အမှာစကားပြောကြားရာတွင် အခြေခံပညာကျောင်းများသည် လူ့အသိုက်အဝန်းတစ်ရပ်၏ အဓိကအရင်းအမြစ်ဖြစ်သော အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအား စသည့်ကဏ္ဍကြီးသုံးရပ်ကို ထုဆစ်ပုံဖော် ပေးနေသည့် ဌာနများဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းကောင်းမွန်ခြင်း၊ တာဝန်သိတတ်ခြင်း၊ တိုင်းချစ်၊ ပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ် ပြည့်ဝ ခြင်း စသည့်အချက်များသည် မိမိတို့နိုင်ငံအနာဂတ်နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတတ်မှုအပေါ် တိုက်ရိုက် သက်ရောက်စေသည့် အခြေခံကောင်းများဖြစ်ကြောင်း၊ ပညာရည် မြင့်မားစေရေးနှင့် ၎င်းအချက်များ ပြည့်စုံစေရေး ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့် အချက်အလက်များကို ဝိုင်းဝန်းဖော်ထုတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ် ကြောင်း၊ ပညာရေးကျောင်းများနှင့် တပ်မတော်အခြေခံပညာကျောင်းများ၏ အားသာချက်/အားနည်းချက် အသီးသီးအပေါ်တွင် လက်တွေ့ကျကျ သုံးသပ်အဖြေရှာပြီး အပြုသဘောဆောင်သည့် အကြံပြုချက်များ ပြုပေးစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးကျော်ဆွေက နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

ခေါင်းစဉ်များအလိုက်ဆွေးနွေး

ဆက်လက်၍ အခြေခံပညာ ကျောင်းများ၌ နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းများဖြင့် ကျောင်းသား ကျောင်းသူများ၏ စိတ်တွင်တိုင်းချစ်စိတ်၊ ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ကိန်းအောင်းစေနိုင်သောကြောင့် နေ့စဉ်ပြုလုပ်ရန် လိုအပ်ပြီး ကျောင်းအားလုံး အလေးထား လိုက်နာစေရေး ဆောင်ရွက်မည့် အခြေအနေ၊ ပညာသင်နှစ်အတွက် သင်ကြား ရေးဆိုင်ရာ တာဝန်များကို ကျောင်းမဖွင့်မီကြိုတင်ဆောင်ရွက်ရသည့်အတွက် သင်ကြားရေး ဝန်ထမ်းများ၏ အပြောင်းအရွှေ့ ကိစ္စများကို ကျောင်းမဖွင့်မီ ဧပြီလ (သို့မဟုတ်) မေလအတွင်း ဆောင်ရွက်ပေးနိုင်မှုနှင့် အလယ်တန်းနှင့် အထက်တန်း တွဲဖက်သင်ရိုးဝင် ဘဝတွက်တာကျွမ်း ကျင်စရာ သင်ခန်းစာစာအုပ်များ ရရှိရေးဆောင်ရွက်မည့် အခြေအနေ၊ KG + 12 (5+4+3) စနစ်သစ် ပညာရေးအား လက်ရှိပညာသင်နှစ်တွင် အတန်းစုံ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများ၏အတန်း ပြီးမြောက်မှုစာမေးပွဲများ စစ်ဆေးမှု၊ လက်မှတ်များထုတ်ပေးမှုနှင့် တက္ကသိုလ်များ၊ အသက်မွေး ဝမ်းကျောင်းပညာများ ဆက်လက် သင်ယူနိုင်မည့် အခြေအနေ၊ စနစ်သစ် Grade-10, Grade-11, Grade-12 သင်ခန်းစာများသည် level တစ်ခုအနေဖြင့် မြင့်မားသည့်အတွက် Grade-9 စာမေးပွဲ အစိုးရစစ်အတွက် စာမေးပွဲစစ်ဆေးခြင်းနှင့် အတန်းကူးပြောင်း ပေးခြင်းမူဝါဒကို ပြောင်းလဲခြင်း ရှိ/မရှိ အခြေအနေ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 စာမေးပွဲ စစ်ဆေးရေးဆိုင်ရာ အချက်အလက်များနှင့် အဆင့်သတ်မှတ်ချက်များအရ တက်ရောက်ရမည့် တက္ကသိုလ်၊ ကောလိပ်များနှင့် အောင်/ရှုံး သတ်မှတ်မှုအခြေအနေ စသည့်ခေါင်းစဉ်များအလိုက် အကျယ်တဝင့် ဆွေးနွေးကြရာ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 လက်ဆောင်ပေးအပ်

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက နိဂုံးချုပ် အမှာစကားပြောကြားပြီး တက်ရောက် ဆွေးနွေးပေးခဲ့သည့် ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမများအား ကျေးဇူးတင်ရှိ ပါကြောင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment