Tuesday, July 11, 2023

အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြုနည်း သင်တန်းဖွင့်လှစ်

နေပြည်တော် ဇူလိုင် ၁၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဖွင့်လှစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် အဆိုပါဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနနှင့်ကော်မရှင်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အတွက် ဝန်ကြီးဌာန CPU (Corruption Prevention Unit) တစ်ခု၊ ဦးစီးဌာန CPU သုံးခုနှင့် DEO (Data Entry Office) ၃၃ ခု တို့ကို ဖွင့်လှစ်ထားပြီး အသုံးပြုနည်း သင်တန်းများကိုလည်း ယခုသင်တန်း အပါအဝင် စုစုပေါင်း(၆)ကြိမ် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းတွင် ဝန်ဆောင်မှုယူကြရသော ပြည်သူတစ်ဦးချင်းထံသို့ Public Feedback Programme– PFP နည်းပညာအသုံးပြုပြီး တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်၍ အသေးစားအဂတိလိုက်စားမှု မဖြစ်စေရန် တားဆီးကာကွယ်ရေးစနစ်ကို ထိရောက်စွာအသုံးပြုနိုင်ရေး ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

စာတွေ့၊ လက်တွေ့ဆွေးနွေးမည်

ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ယခု PFP Web Portal အသုံးပြုနည်းသင်တန်းကိုလည်း ဦးစီးဌာနသုံးခုရှိ ဝန်ထမ်း ၆၁ ဦးကို ဇူလိုင် ၁၀ ရက်မှ ၁၂ ရက်အထိ In-Person ဖြင့် လက်တွေ့အသုံးချနိုင်သည်အထိ စာတွေ့၊ လက်တွေ့ဆွေးနွေး ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ ပို့ချသည့် သင်ခန်းစာများကို လက်တွေ့အသုံးချနိုင်သည်အထိ လေ့လာမှတ်သားစေလိုကြောင်း၊ လက်တွေ့လုပ်ငန်း ဆောင်ရွက်ရာတွင်လည်း နည်းပညာဆိုင်ရာ အခက်အခဲများရှိပါက ကော်မရှင်အနေဖြင့် ကူညီပံ့ပိုးဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အသုံးပြုနည်းရှင်းလင်း

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန တားဆီးကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးက PFP Web Portal အသုံးပြုနည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ဇူလိုင်၁၂ရက်အထိသင်တန်းပို့ချမည်

အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် အသုံးပြုနည်းသင်တန်းကို ဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များက ဇူလိုင် ၁၀ ရက်မှ ၁၂ ရက်အထိ သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်းနှင့် နေပြည်တော်ရုံးချုပ်မှ ၃၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ၂၅ ဦး စုစုပေါင်းသင်တန်းသား ၆၁ ဦး တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment