Wednesday, July 5, 2023

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှစ်ပတ်လည် အစီရင်ခံစာရေးသားရေးအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဇူလိုင် ၄

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာရေးသားရေးအဖွဲ့၏ ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် အစီရင်ခံစာရေးသားရေး အဖွဲ့ဝင်များ တက်ရောက်ကြပြီး ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)နှင့် ပေါင်းစည်းလူမှုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့ မှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

ရှေးဦးစွာ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံတော်အစိုးရသည် မသန်စွမ်းသူများကို ပစ်ပယ်မထားဘဲ တာဝန်ရှိသည်ဟု ခံယူ၍မသန်စွမ်း သူများအတွက် ဆောင်ရွက်ပေးနေသည့် အချက်အလက်များကို ပြည်တွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းများပါ သိရှိစေရန်ရည်ရွယ်၍ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာကို ထုတ်ဝေလျက်ရှိပါကြောင်း၊ ပထမအကြိမ် နှစ်ပတ်လည် အစီရင်ခံစာနှင့် ဒုတိယနှစ်ပတ်လည် အစီရင်ခံစာတို့ကို (မြန်မာ + အင်္ဂလိပ်) နှစ်ဘာသာဖြင့်ထုတ်ဝေဖြန့်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တတိယအကြိမ်နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို သက်ဆိုင်ရာ ကဏ္ဍ အလိုက် တင်ပြပေးရန်နှင့် ပြည့်ပြည့်စုံစုံဖြင့် အရည်အသွေးကောင်းမွန်သည့် အစီရင်ခံစာအဖြစ် ထုတ်ဝေနိုင်ရေးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိ ကြောင်း ပြောကြားသည်။

ထို့နောက် ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ ညွှန်ကြားရေးမှူး ဦးစည်သူဝင်းက တတိယအကြိမ် နှစ်ပတ်လည် အစီရင်ခံစာစာအုပ် ထုတ်ဝေနိုင်ရေးအတွက် မူကြမ်း ပြုစုဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြမည့်ဥယျောဇဉ်နှင့် အမှာစကား(မူကြမ်း)တို့ကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ဆွေးနွေး တင်ပြသည်။

ဆက်လက်၍ အစည်းအဝေး သို့ တက်ရောက်လာကြသည့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် မသန်စွမ်းသူများအတွက် ဆောင် ရွက်ပေးနေမှု အခြေအနေများနှင့် တတိယအကြိမ် နှစ်ပတ်လည် အစီရင်ခံစာကို ဩဂုတ်လအတွင်း ပုံနှိပ်ထုတ်ဝေနိုင်ရေး ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာရေးသားရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။

သတင်းစဉ်

No comments:

Post a Comment