Wednesday, July 12, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ကျန်းမာရေးနှင့် သံခင်းတမန်ခင်း နိုင်ငံတကာဆွေးနွေးပွဲသို့ တက်ရောက်အဖွင့်အမှာစကား ပြောကြား

 


နေပြည်တော် ဇူလိုင် ၁၁

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့တွင် ဘဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင်ကျင်းပသည့် ပြည်သူ့ကျန်းမာရေးနှင့် သံခင်းတမန်ခင်း နိုင်ငံတကာဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဘဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ ကျန်းမာရေးနှင့် မိသားစုရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဘဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

အလေးအနက်တန်ဖိုးထား

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ သံခင်းတမန်ခင်းဆိုသည်မှာ ပြည်သူ့ကျန်းမာရေးနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများအကြား အပြန်အလှန်ကိုယ်စားပြုနိုင်ရေး ရည်ရွယ်ချက်ဖြင့် ရွေးချယ်ထား သော နည်းလမ်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ အငြင်းပွားမှုပြဿနာများကို ဖြေရှင်းနိုင်ခြင်း၊ ကျန်းမာရေးစနစ်များကို ပိုမိုကောင်းမွန်လာစေခြင်းနှင့် ထိရှ လွယ်သော အသိုက်အဝန်း၏ အခွင့်အလမ်းများ လုံခြုံစေနိုင်ခြင်းများဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံများနှင့် လိုက်လျောညီထွေသဟ ဇာတဖြစ်စေသည့် ဆက်ဆံရေးဖြစ်သော ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျန်းမာရေးဆိုင်ရာတိုးတက်မှုများရရှိစေရေးအတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်လေးစားမှုနှင့် ကျန်းမာရေးဆိုင်ရာဆောင်ရွက်မှုများကို အနီးကပ်ပူးပေါင်းဆောင် ရွက်မှုများအားအခြေခံသော ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို အလေးအနက်တန်ဖိုးထားပါကြောင်း။

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့် ရခိုင်ပြည်နယ်မှ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခဲ့သော ဘဂလားဒေ့ရှ်နိုင်ငံအစိုးရကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခု ကျင်းပသော နိုင်ငံတကာဆွေးနွေး ပွဲမှတစ်ဆင့် လက်ရှိရင်ဆိုင်နေရသော ပြည်သူ့ကျန်းမာ‌ရေးဆိုင်ရာ စိန်ခေါ်မှုပြဿနာများကို ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် နှစ်နိုင်ငံကြား ပိုမိုပူးပေါင်းဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘဂလားဒေ့ရှ် နိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ဘဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်က တက်ရောက်လာသည့်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများကို တွေ့ဆုံနှုတ်ဆက်ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စားဝတ် နေရေးဆိုင်ရာကိစ္စရပ်များကို အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ထားပြီး ပြန်လည်လက်ခံရန် အဆင်သင့် ဖြစ်နေပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့် အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း တွေ့ဆုံရှင်းလင်း ပြောကြားသည်။

ဆေးဝါးများထုတ်လုပ်နိုင်ရေး

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Mr. Zahid maleque နှင့် ဒါကာမြို့ Pan Pacific Hotel အစည်းအဝေးခန်း၌ တွေ့ဆုံ၍ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ကူးစက်မြန်ရောဂါများ ကာကွယ်တားဆီးရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဆေးဝါးများထုတ်လုပ်နိုင်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dr.A.K Abdul Momen က ဒါကာမြို့State Guest House - Jamuna ၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

အဆိုပါ ပြည်သူ့ကျန်းမာရေးနှင့် သံခင်းတမန်ခင်း နိုင်ငံတကာဆွေးနွေးပွဲ၏ ကဏ္ဍအလိုက်ဆွေးနွေးပွဲများကို မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲကို ဘဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဇူလိုင် ၁၁ ရက်မှ ၁၂ ရက် အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင် အာရှဒေသဆိုင်ရာနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာကျန်းမာရေး အဖွဲ့အစည်းများမှ ပညာရှင်များ၊ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးနှင့် သံအမတ်ကြီးများနှင့် နိုင်ငံပေါင်းရှစ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment