Tuesday, July 11, 2023

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်သင့် ပုဏ္ဏားကျွန်းမြို့၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့နယ်များအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး


စစ်တွေ ဇူလိုင် ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် လိုက်ပါလာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်သင့် ပုဏ္ဏားကျွန်းမြို့၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့နယ်များအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး ကြသည်။

 

ဦးစွာ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်မင်္ဂလာ ကြိုးတံတား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက မိမိတို့ဌာနအလိုက် လုပ်ငန်းတာဝန်များကို စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဌာန ဆိုင်ရာများအနေဖြင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ လစဉ်လုပ်ငန်း တာဝန်များကို ပူးပေါင်းဆောင်ရွက်နေကြသည်ဟု သိရှိရပါကြောင်း၊ အုပ်ချုပ်ရေးတာဝန်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စည်းစည်းလုံးလုံးဖြင့် လုပ်ဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများပေးပို့ရောက်ရှိဖြန့်ဖြူးနေမှု အခြေအနေ၊ ထွန်စက်နှင့် လက်တွန်းထွန်စက်များ ဖြန့်ဖြူးပေးထားမှုနှင့် ထွန်ယက်နေမှုအခြေအနေ၊ မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးနေမှုအခြေအနေ၊ မုန်တိုင်းဒဏ်သင့် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများ ပြုပြင်ပြီးစီးမှု၊ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုနှင့် ဆက်သွယ်ရေးလိုင်းများ ပြုပြင်ပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြကြရာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက လိုအပ်သည် များကို မှာကြားသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မြို့မရဲစခန်း၌ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့်တွေ့ဆုံ၍ စခန်းအတွက် လိုအပ်ချက်များကို မှာကြားကာ ဒုတိယရဲချုပ်က တပ်ဖွဲ့ဝင် မိသားစုများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ ဆက်လက်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် စခန်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၏ ငွေတိုက်အား ကြည့်ရှုစစ်ဆေး ပြီး ငွေတိုက်လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မောင်တောမြို့သို့ သွားရောက်ပြီး အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့် တွေ့ဆုံအမှာ စကားပြောကြားပြီး တပ်ဖွဲ့ဝင်မိသားစုများအတွက် စားသောက် ကုန်ပစ္စည်းများကို ထောက်ပံ့ပေးသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မောင်တောမြို့ သာသနာ့ဗိမာန်၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။ ဆက်လက်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဆန်၊ ဆီ၊ ရေသန့်စက်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြပြီး အဆိုပါသာသာနာ့ဗိမာန်၌ မောင်တောမြို့နယ်အတွင်း မိုခါ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်ကဏ္ဍများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ဆက်လက်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မောင်တောမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ညနေပိုင်းတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့သို့ သွားရောက်ပြီး အမှတ် (၃) နယ်ခြားစောင့်ရဲတပ် ဖွဲ့ခွဲအစည်းအဝေးခန်းမ၌ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစု များအား တွေ့ဆုံအားပေးစကား ပြောကြားကာ တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment