နေပြည်တော် ဇူလိုင် ၃၀
ကျန်းမာရေးဝန်ကြီးဌာန ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးဘေး မြေဧရိယာ၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းတို့က ရတနာတန်းဝင်ကျွန်းပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင် ၁၅၀ အပါအဝင် တည်ပင် ၄၀၊ သစ်ဆိမ့် ၃၅ ပင်၊ ပုတီးဖြူ ၄၅ ပင်၊ ပိန္နဲပင် ၃၀၊ ခရေပင် ၃၀၊ ဆီသပြေပင် ၄၀၊ ကံ့ကော်ပင် ၃၀၊ သစ်ကြံပိုးပင် ၃၀ စုစုပေါင်းသစ်ပင် ၄၃၀ကို ဆက်လက်စိုက်ပျိုးပေးကြသည်။
ကြည့်ရှုအားပေး
ထိုသို့ ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန မိုးရာသီငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ဇမ္ဗူသီရိမြို့နယ် ဇမ္ဗူကျက်သရေလမ်းရှိ မင်္ဂလာကန်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မင်္ဂလာကန်အတွင်းသို့ ငါးမျိုးများကို ဦးစွာစိုက်ထည့်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများက ငါးလုပ်ငန်းဦးစီးဌာနကပံ့ပိုးသည့် ငါးသားပေါက်အကောင်ရေ စုစုပေါင်း ၃၀၀၀၀ ကို မင်္ဂလာကန်အတွင်းသို့ စိုက်ထည့်ပေးကြသည်။
တက်ရောက်
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ရှိ အမျိုးသား ပရဆေးဥယျာဉ်၌ကျင်းပသည့် နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏ ပြင်ပလူနာဌာနခွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏ ပြင်ပလူနာဌာနခွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြင်ပလူနာဌာနခွဲအတွင်းရှိ လူနာမှတ်ပုံတင်ဌာန၊ လူနာစမ်းသပ်ခန်းနှင့် လူနာကုသခန်းတို့ကို လှည့်လည်ကြည့်ရှုကာ လူနာများအား တိုင်းရင်းဆေးပညာဖြင့် ကုသပေးနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် တိုင်းရင်းဆေးပညာဦးစီးဌာနက သိပ္ပံနည်းကျ သုတေသနပြုထုတ်လုပ်ထားသော ကိုဗစ်-၁၉ ရောဂါအပါအဝင် တုပ်ကွေးရောဂါများကို သက်သာပျောက်ကင်းစေနိုင်သည့် ဆေးခါးကြီးပါဝင်သော ဝိသမအဖျားပျောက်ဆေးဖြင့် လူနာများကို အောင်မြင်စွာ ကုသပေးနိုင်မှုအခြေအနေကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများအား ဝိသမအဖျားပျောက်ဆေး၏ ကောင်းကျိုးအာနိသင်များကို သိရှိနိုင်ရေးနှင့် ဆေးကို ကျယ်ပြန့်စွာထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန် မှာကြားပြီး ယခင်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် အမျိုးသားပရဆေးဥယျာဉ်၌ ကျန်းမာရေးဝန်ကြီးဌာနက စိုက်ပျိုးခဲ့သည့် ပရဆေးပင်များဖြစ်သည့် ကံ့ကော်ပင်၊ ကရမက်ပင်၊ သရဖီပင်နှင့် စံကားဝါပင်များ ရှင်သန်ဖြစ်ထွန်းနေမှုနှင့် ဥယျာဉ်အတွင်း စိုက်ပျိုးထားသည့် ဆေးခါးကြီးပင်စိုက်ခင်းကို ကြည့်ရှုသည်။
ပြည်သူလူထု၏ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်မှုပေးရာတွင် ပြည်သူများအနေဖြင့် ပိုမိုလက်လှမ်းမီစေရန် ရည်ရွယ်၍ နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်အတွင်း ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ပြင်ပလူနာဌာနခွဲကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ် ကုသပေးမည်ဖြစ်ကြောင်းနှင့် မည်သူမဆို လာရောက် ကုသမှုခံယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment