Monday, July 10, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

 


နေပြည်တော် ဇူလိုင် ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သော်မှော်ကုန်းခေတ်မီစံပြကျေးရွာရုံး အမှတ် (၁၆) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ ဦးစီးဌာနများ၏ ခရိုင်အဆင့်/ မြို့နယ်အဆင့်ရုံးများ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သော်မှော်ကုန်းခေတ်မီစံပြကျေးရွာ၌ ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကမ္ဘာနှင့် တစ်ဝန်းရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းရန်နည်းလမ်းအမျိုးမျိုးရှိသည့်အနက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံး၊ သဘာဝနှင့် လိုက်လျောညီထွေမှုအဖြစ်ဆုံးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ခြင်းသည် မိမိတို့ကိုယ်တိုင် စိတ်ချမ်းသာမှုရခြင်း၊ အများအတွက်အကျိုးရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြမည်ဖြစ်သည့်အတွက် သစ်ပင်များစိုက်ပျိုးကြရန်တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ က ကံ့ကော်ပင်များကို ဦးစွာစိုက်ပျိုးပေးကြပြီး ဝန်ထမ်းများနှင့် ကျေးရွာသူကျေးရွာသားများက စိန်ပန်း၊ မဲဇလီ၊ ခရေ၊ ငုရွှေဝါ၊ ကြီးမြန်သစ်ပင်ပြည်လုံးချမ်းသာ စသည့်အရိပ်ရနှစ်ရှည်ပင်များကို စုပေါင်းစိုက်ပျိုးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သော်မှော်ကုန်းကျေးရွာ၌ မွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်နှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ RBF ဖြင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ပန်းခရေအဖွဲ့၏ ဝက်မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၌လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်အဆင့်/ မြို့နယ်အဆင့်ရုံးများ၌လည်းကောင်း ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်၍ စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်လုံးချမ်းသာပင် ၅၀၀၊ ကျွန်းပင် ၁၄၀၊ ပျဉ်းကတိုး ပင် ၁၅၀၊ စိန်ပန်းပင် ၂၀၊ ခရေ ၃၃ ပင်၊ ငုရွှေဝါပင် ၄၀၊ မဲဇလီပင် ၂၀၊ ကံ့ကော် ၁၀ ပင်နှင့် အခြား အရိပ်ရ ၁၂ ပင် စသည့် အရိပ်ရနှစ်ရှည်ပင် အမျိုးအစား ၁၀ မျိုး စုစုပေါင်း ၉၂၅ ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆) ရှိ လျှိုပိတ်ဆည်နှင့် မွေးမြူရေးကန်များ၌ ကျင်းပရာ ပြည်‌ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများက ငါးမြစ်ချင်းသား ပေါက်ကောင်ရေ ၁၀၀၀၀၊ ထိုင်းငါးခုံးမသားပေါက် ကောင်ရေ ၁၀၀၀၀ နှင့် ရွှေရောင် ငါးကြင်းသားပေါက်ကောင်ရေ ၃၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၀၃၀၀ ကို စိုက်ထည့်မွေးမြူခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment