Saturday, July 8, 2023

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ငါးမွေးမြူရေးကန်နှင့် ငါသားပေါက်စခန်းများအား သွားရောက်ကြည့်ရှု၊ ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ (၂/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးတွင် အမှာစကားပြောကြား

 


ဘားအံ ဇူလိုင် ၈

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါ၍ ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ တောင်သူကုန်ကျေးရွာအနီးရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ငါးမွေးမြူရေးကန်နှင့် ငါးသားပေါက်စခန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဦးစောအောင်မြင့်တင်၏ အစုအဖွဲ့ငါးမွေးမြူရေးကန် ရှင်းလင်းဆောင်၌ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးစုံမိုင်းနှင့် တာဝန်ရှိသူများက ငါးမွေးမြူရေးဧရိယာ ၇၄ ဒသမ ၈၈ ဧကတွင် ငါးမွေးမြူရေးကန် (၆)ကန်၌ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးမုတ်၊ ငါးသိုင်းခေါင်းပွ၊ တီလားပီးယား၊ ရွှေဝါငါးကြင်း စုစုပေါင်းငါးသားပေါက်ကောင်ရေ ၁၈၅၀၀၀ အား ထည့်သွင်းမွေးမြူထားရှိပြီးဖြစ်ပါကြောင်း၊ ငါးမွေးမြူရေးကန်များမှ ထွက်ရှိသည့်ငါးများအား ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငါးမွေးမြူရေးကန်များ၌ ငါးများတိုးချဲ့မွေးမြူ၍ တိုးချဲ့ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်းဖူလုံပါက အခြားဒေသများသို့ပါ တင်ပို့ရောင်းချနိုင်ရေး ရေရှည်ရည်မှန်းချက်ထားရှိ ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ငါးမွေးမြူရေးလုပ်ငန်းနှင့် တစ်စပ်တည်း ဘဲများကိုပါမွေးမြူနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားပြီး ငါးမွေးမြူရေးကန်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ တောင်သူကုန်ကျေးရွာအနီးရှိ ဘားအံငါးသားဖောက်စခန်းသို့ရောက်ရှိပြီး ငါးသားဖောက်စခန်းရှင်းလင်းဆောင်၌ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် စခန်းတာဝန်ခံများက ငါးသားဖောက်စခန်းဧရိယာ ၄၆ ဒသမ ၃၈ ဧကရှိ ငါးမွေးမြူရေးကန်များ၌ ငါးခုံးမကောင်ရေ ရှစ်သိန်း၊ ငါးမြစ်ချင်းကောင်ရေ သုံးသိန်းတို့အား ငါးမျိုးပြုစုထားရှိပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ငါးမျိုးစိုက်ထည့်ရန်လျာထားမှုမှာ စုစုပေါင်း(၁၃)သိန်းဖြစ်ပြီး ဘားအံငါးသားဖောက်စခန်းမှ ရှစ်သိန်းနှင့် ကျုံဒိုးငါးသားဖောက်စခန်းမှ ငါးသိန်းထုတ်လုပ်ရန်လျာထားပါကြောင်း၊ ယနေ့အချိန်ထိ မျိုးစိုက်ထုတ်ပြီးစီးမှုမှာ ဘားအံငါးသားဖောက်စခန်းမှ သုံးသိန်းနှင့် ကျုံဒိုးငါးသားဖောက်စခန်းမှ နှစ်သိန်းစုစုပေါင်း ငါးသိန်းမျိုးစိုက်ထည့်ပြီးဖြစ်ပါကြောင်း၊ ထို့အတူ ဒေသခံပြည်သူများသို့လည်း ငါးသားပေါက်များ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးသားဖောက်စခန်း၌ ငါးသားဖောက်ထုတ်လုပ်နေမှုအခြေအနေနှင့် မျိုးငါးများပြုစုမွေးမြူထားသည့် အခြေအနေများအား လှည့်လည်ကြည့်ရှု၍ ငါးသားပေါက်များ တိုးချဲ့ထုတ်လုပ်ပြီး များများဖြန့်ဖြူးပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၁ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ကျင်းပသော ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ(၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁၈-၂-၂၀၂၃)ရက်စွဲပါစာဖြင့် ပြင်ဆင်ဖွဲ့စည်းထားခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်အဆင့်ကော်မတီအနေဖြင့်လည်း နောက်ဆုံးအခြေအနေနှင့်အညီ ပြင်ဆင်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများအလိုက် မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအား တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နှင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အတွင်း၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးအတွက် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများမှလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးက ရှင်းလင်းတင်ပြဆွေးနွေးပြီး စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ၊ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ၊ ဥပဒေရေးရာလုပ်ငန်းကော်မတီ၊ အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစာရေးလုပ်ငန်းကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးများမှ မိမိတို့သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေတို့အား ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကာ ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ သက်ဆိုင်ရာဌာနများနှင့်တာဝန်ရှိသူများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းဖြင့် နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment