နေပြည်တော် ဇွန် ၁
မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ပြုလုပ်သော မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်၊ မြစေတီပရိယတ္တိစာသင်တိုက် (ရဲကျောင်း)၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်နှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် အလှူရှင်များတက်ရောက်ကြသည်။
ဦးစွာ မြစေတီပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိ ကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌတို့က လေဘေးသင့်ထောက်ပံ့ပစ္စည်းများကို လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းမှူးက အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ပဓာနဩဝါဒစရိယ ဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိထံ လေဘေးသင့်အလှူနှင့်ပတ်သက်၍ ဩဝါဒစကားနှင့် ဝမ်းမြောက်အနုမောဓနာစကား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment