Wednesday, June 21, 2023

ဂျူဒိုနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် ဇွန် ၂၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုနည်းပြနှင့် ဒိုင်လူကြီးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။

သင်ကြားပို့ချပေးသွားမည်

ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက သင်တန်းသားများအနေဖြင့် မိမိတို့မသိသေးသည့် အချို့သောနည်းစနစ်များ၊ အယူအဆ၊ အတွေးအခေါ် များကို All Japan Judo Federation မှ ဂျပန်နည်းပြ ဆရာ Mr. HIRRANUMA YAMATO က ယခုသင်တန်း တွင် သင်ကြားပို့ချပေးသွားမည်ဖြစ်၍ နည်းပြများအတွက် အထူးအခွင့်အရေးတစ်ရပ်ဖြစ်ပြီး ရက်တို သင်ကြားရသည့်အတွက် စိတ်ပါဝင်စားစွာဖြင့် လိုက်နာသင်ကြားကြရန်လိုကြောင်း၊ စွမ်းရည်ပြည့်ဝ သည့် နည်းပြဆရာများ၏ အခန်းကဏ္ဍမှာအရေးကြီးသည့်အတွက် ယခုသင်တန်းတက်ရောက်ကြသည့် သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့ တာဝန်ကျရာနေရာဒေသများတွင် အခြေခံကောင်းမွန် ပြီး ဝါသနာပါသည့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်အတွက် မိမိတို့ကိုယ်တိုင်အရည်အချင်းပြည့်ဝ၍ ထူးချွန်ထက်မြက်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သည့် နည်းပြဆရာကောင်းများဖြစ်အောင် ကြိုးစားပြုမူနေထိုင်သွားကြရန် အထူးမှာကြားလိုကြောင်း ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းကို ၂၀၂၃ ခုနှစ် ဇွန် ၂၀ ရက်မှ ဇူလိုင် ၁ ရက်အထိ သင်တန်းသား ၂၉ ဦး၊ သင်တန်းသူ ၁၁ ဦး စုစုပေါင်း ၄၀ ဖြင့် ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည်။

သတင်းစဉ်


No comments:

Post a Comment