Monday, June 5, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

 


နေပြည်​တော် ဇွန် 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပန်းတနော်မြို့၌ တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်  နာရီတွင် အဆိုပါအဆောက်အအုံရှေ့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 



စက်ခလုတ်နှိပ်ဖွင့်လှစ်

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦတင်မောင်ဝင်းနှင့် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်တို့က လူထုအခြေပြုဗဟိုဌာန အဆောက်အအုံသစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဧည့်သည်တော်ကြီးများနှင့် တာဝန်ရှိသူများက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြပြီး လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယင်းနောက် လူထုအခြေပြုဗဟိုဌာနအတွင်း ခင်းကျင်းပြသထားရှိသည့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ထူးချွန်ထင်ရှားသည့် ပုဂ္ဂိုလ်များ၊ အထင်ကရ ဘုရားစေတီ ပုထိုးများ အပါအဝင် သာယာလှပသောရှုခင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ထွက်ကုန်များ၊ ရိုးရာယဉ်ကျေးမှု အနုပညာလက်ရာများ ခင်းကျင်းပြသထားသည့် ပြတိုက်ငယ်ကိုလည်းကောင်း၊ ကလေးစာဖတ် ခန်းနှင့် ကလေးကစားခန်း၊ အနုပညာပြခန်း၊ ပြည်သူ့စာကြည့်တိုက်၊ ကွန်ပျူတာသင်တန်းခန်းမ၊ အားကစားခန်းမ၊ ဆွေးနွေးပွဲခန်းမနှင့် ဘက်စုံသုံးခန်းမတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းတွင် စာပေဖတ်ရှုနေသည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအား အမှတ်တရ ပုံပြင်စာအုပ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဤအဆောက်အအုံကြီးနှင့်ပတ်သက်၍ မိမိတို့တွင်တာဝန် နှစ်ရပ်ရှိသည်ဟု ခံစားရပါကြောင်း၊ ယင်းတာဝန် နှစ်ရပ်မှာ အဆောက် အအုံကြီးအား ထိန်းသိမ်းစောင့် ရှောက်ပေးရမည့်တာဝန်နှင့် ဤအဆောက်အအုံကြီးအား အသုံးပြု၍ မိမိတို့အနာဂတ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရမည့် တာဝန်များပင်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် လူထုအခြေပြုဗဟိုဌာန အဆောက်အအုံကြီးအား ဖွင့်လှစ်ပေးရုံဖြင့် ကျေနပ်နေ၍မရဘဲ အဆောက်အအုံကြီး ရေရှည်တည် တံ့ခိုင်မြဲရန်နှင့် ကလေးသူငယ်များကို အနာဂတ်သားကောင်း သမီးကောင်းများ ဖြစ်အောင်ဆောင်ရွက်ရန် မြို့မိမြို့ဖများ တွင် တာဝန်ရှိသည်ဟု ထင်မြင်ပါကြောင်း။

ဤအဆောက်အအုံကြီးအား အနာဂတ်ကလေးများ ထူးချွန်ထက်မြက်စေရန် ပြုစုပျိုးထောင်နိုင်သည့် နေရာကောင်းတစ်ခုဟု ခံယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၎င်းတာဝန်များကို မိမိတို့အားလုံး ကျေကျေပွန်ပွန် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ အဆောက်အအုံကြီး ဖြစ်ပေါ်လာအောင် စီမံဆောင်ရွက်ပေးသည့် နိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ဖွင့်လှစ်သည့် လူထုအခြေ ပြုဗဟိုဌာန (ပန်းတနော်)အပါအဝင် ဗဟန်း၊ သံတွဲနှင့် နတ်မောက်မြို့တို့၌ လူထုအခြေပြုဗဟိုဌာန အဆောက်အအုံသစ်များကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့်လည်းကောင်း၊ မြစ်ကြီးနား၊ လားရှိုးနှင့် တောင်ကြီးမြို့တို့၌ လူထုအခြေပြုဗဟိုဌာန အဆောက်အအုံသစ်များကို BOT စနစ်ဖြင့်လည်း ကောင်း တည်ဆောက်ဖွင့်လှစ်ခဲ့ပါ​ကြောင်း၊ လူထုအခြေပြုဗဟိုဌာနများသည် လူငယ်များတွေ့ဆုံ ညှိနှိုင်းတိုင်ပင်ရန် အသင့်တော်ဆုံး နေရာများဖြစ်ပြီး လူငယ် Network ကျယ်ပြန့်လာသည်နှင့်အမျှ စုစည်းညီညွတ်မှုနှင့် စုပေါင်းဆောင်ရွက်မှု အားကောင်း၍ အနာဂတ်တွင် နိုင်ငံကို အကျိုးပြုမည့် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးရာ​နေရာ ဖြစ်လာမည်ဖြစ်ပါ​ကြောင်း။

လာရောက်အသုံးပြု

ပြည်သူများနှင့် လူငယ်များ အသိပညာ၊ ဗဟုသုတ ပြည့်စုံစေရေးအတွက် စရိတ်စက အသက်သာဆုံး၊ အချိန်ကုန်အသက်သာဆုံးနှင့် လက်လှမ်းမီလွယ်ကူသော ပညာရှာမှီးရာအရပ်သည် စာကြည့် တိုက်ပင်ဖြစ်ပါ​ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာနကို ပြန်ကြားရေးဝန်ကြီးဌာနအပြင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်များက ဘက်ပေါင်းစုံမှ တတ်နိုင်သမျှဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်ရာ လူထုအခြေပြု ဗဟိုဌာနသည် မြို့အင်္ဂါရပ်နှင့်အညီ အရေးပါသည့် နေရာ၊ အသိပညာ၊ ဗဟုသုတများ ရှာမှီးရာနေရာ၊ သတင်းအချက်အလက်များရှာဖွေ ရာနေရာဖြစ်လာအောင် ပြည်သူများအနေဖြင့် လာရောက်အသုံးပြု ရန် တိုက်တွန်းဖိတ်ခေါ်ပြောကြားလိုပါ​ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ပန်းတနော်မြို့ မြို့မိမြို့ဖဦးတင်စိုးက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လူထုအခြေပြုဗဟိုဌာန အဆောက်အအုံတွင် လိုအပ်သောပရိဘောဂပစ္စည်းများ၊ ကွန်ပျူတာပစ္စည်းများ ဝယ်ယူရန် ကူညီထောက်ပံ့ပေးသည့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် DVB-T2 Set Top Box အလုံး၁၀၀ကိုလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်မိသားစုများအတွက် DVB-T2 Set Top Box အလုံး ၁၀၀ ကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကြည်ခိုင်အားလည်းကောင်း၊ အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းပေးသော အလှူ ရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကရင်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက် ရေးနှင့် တက္ကသိုလ်ပညာသင် ထောက်ပံ့ရေးဖောင်ဒေးရှင်းသို့ အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ် လှူဒါန်းရာ မြို့နယ်ပညာရေးတာဝန်ခံက လက်ခံရယူသည်။

ယခုဖွင့်လှစ်သည့် လူထုအခြေပြု ဗဟိုဌာနအဆောက်အအုံသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ပဉ္စမမြောက်ဖွင့်လှစ်နိုင်ခဲ့သည့် အဆောက်အအုံဖြစ်ပြီး ပြည်သူ့စာကြည့်တိုက်၊ ကွန်ပျူတာသင်တန်းခန်းမ၊ အစည်းအဝေးခန်းမ၊ အနုပညာခန်းမ၊ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ ကလေးကစားခန်း၊ အားကစားခန်းမနှင့် ဘက်စုံသုံးခန်းမများ ပါဝင်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၅၈၂ ဒသမ ၆၀ သန်းဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အအုံဖြစ်ကာ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment