Monday, June 5, 2023

အများပြည်သူအကျိုးစီးပွား မှန်ကန်သောသတင်းများအလေးထား

 


ပြည်သူများသည် သိလိုသောဆန္ဒပြင်းပြကြသည်။ သတင်းဆိုသည်မှာ ပြည်သူများသိလိုသော အရေးအရာကိစ္စများဖြစ်သည်။ မီဒီယာဆိုသည်မှာ ပြည်သူများ သိလိုသောအကြောင်းအရာများကို အသိပေးထုတ်ပြန်ရသည်။ စာနယ်ဇင်းကျင့်ဝတ်တွင် အများပြည်သူသိရှိရန်အလို့ငှာ ထုတ်ပြန်သောသတင်းတိုင်း၌ အချက်အလက်တိကျမှန်ကန်စေရန် အစွမ်းကုန်စိစစ်ရမည်။ ဖော်ပြခြင်းမပြုမီ သတင်းအားလုံးကို တတ်စွမ်းသမျှစိစစ်ရမည်။ မည်သည့် သတင်းအချက်အလက်ကိုမျှ မိမိတို့လိုရာသို့ ဆွဲမရေးရ၊ သို့တည်းမဟုတ် လိုရင်းအချက်အလက်များကို တမင်သက်သက်ထိန်ချန်ခြင်းမပြုရဟု ဆိုထားသည်။

သတင်းအချက်အလက်နှင့် နည်းပညာထွန်းကားလာသော ယနေ့ခေတ်ကာလတွင် ပြင်ပမီဒီယာအများစုသည် စာနယ်ဇင်းကျင့်ဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်ခြင်းမရှိ‌တော့ပေ။ သတင်းအချက်အလက်များနှင့်ပတ်သက်လျှင် မလိုလျှင် တမင်ထိန်ချန်၍လိုလျှင် လိုရာဆွဲကာ ရေးသားလာကြသည်ကိုတွေ့ရမည်ဖြစ်သည်။ လောကကောင်းကျိုးများကို မှန်ကန်သောသတင်းအချက်အလက်များဖြင့် မတည်ဆောက်ကြဘဲ မမှန်ကန်သော သတင်းအချက်အလက်များဖြင့် ဖျက်ဆီးနေကြသည်။ အွန်လိုင်းမီဒီယာခေတ်စားလာသော ယနေ့ကာလတွင် မမှန်ကန်သော သတင်းအချက်အလက်များဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ အမြတ်ထုတ် အသုံးချမှုများရှိလာသည်ကိုတွေ့ရမည်ဖြစ်သည်။

ဥပမာအားဖြင့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကာလက မုန်တိုင်းအမြွှာ နောက်ဆက်တွဲတစ်ခု ထပ်မံဝင်ရောက်မည်ဟူသော ကောလာဟလသတင်းများကြောင့် လူအများ အထိတ်တလန့်ဖြစ်ခဲ့ဖူးသည်။ မကြာသေးမီကာလက ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” နှင့်ပတ်သက်၍ မုန်တိုင်းမဖြစ်ပွားမီကာလတွင် မိုးလေဝသဆိုင်ရာသတင်းများ၊ ခန့်မှန်းချက်များအား ဆိုရှယ်မီဒီယာ၊ ဝက်ဘ်ပေ့ချ်များမှတစ်ဆင့် လွယ်ကူစွာရယူပြီး ခိုင်မာမှုမရှိသောသတင်းများအား ကြိုတင်ခန့်မှန်းဖော်ပြလျက်ရှိသည်ကို မကြာခဏတွေ့ရမည်ဖြစ်သည်။ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်ရန် နီးကပ်ချိန်များတွင် မုန်တိုင်းလမ်းကြောင်း ပြောင်းလဲနိုင်သည်ဆိုသော ကောလာဟလသတင်းများဖြန့်ဝေခြင်း၊ ဆိုရှယ်မီဒီယာများမှ တရားမဝင်အလွတ် သဘောဖော်ပြနေခြင်းသည် ပြည်သူလူထုအတွက် ဆေးမဖြစ်စေဘဲ ဘေးဖြစ်စေနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

ခိုင်မာမှန်ကန်‌သော သတင်းအချက်အလက်များဖြစ်ပါက ပြည်သူလူထုအတွက် အကျိုးရှိထိရောက်မည်ဖြစ်သော်လည်း မှန်ကန်သေချာမှုမရှိသော ခန့်မှန်းချက်များ ပြည်သူလူထုထံရောက်ရှိသွားမည်ဆိုပါက စိုးရိမ်ထိတ်လန့်မှုများနှင့် မလိုလားအပ် သောအခြေအနေများပေါ်ပေါက်လာမည်ဖြစ်သည်။ နိုင်ငံအတွင်း အရေးကြီးသည့် အကြောင်းကိစ္စများပေါ်ပေါက်လာတိုင်း ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာကာ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို စိုးရိမ်စိတ်ဖြင့် ကြိုတင်ဝယ်ယူစုဆောင်းကြသည့်အတွက် နောက်ဆက်တွဲအကျိုးသက်ရောက်မှုအဖြစ် ကုန်ပစ္စည်းများပြတ်လပ်မှုများဖြစ်ပေါ်ပြီး မလိုလားအပ်သော ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံတွင် မုန်တိုင်းမဖြစ်မီကာလက ကုန်ဈေးနှုန်းနှင့် မုန်တိုင်းဖြစ်ပြီးကာလကုန်ဈေးနှုန်းကို ခန့်မှန်းကြည့်နိုင်သည်။ မမှန်ကန်သောသတင်းအချက်အလက်များ၏ အကျိုးရလဒ်ကို ပြည်သူများသာခံစားကြရသည်။

ယခုအခါ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဇွန်လ ၅ ရက်နေ့မှ ၈ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့တွင် လေထုမငြိမ်သက်မှုဖြစ်ပေါ်ရာမှ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းရသည်ဆိုသော အသိပေးထုတ်ပြန်ချက်ကို နိုင်ငံပိုင်မီဒီယာများနှင့် တရားဝင်ပုဂ္ဂလိက မီဒီယာများ၌ ဖော်ပြခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါအလားအလာနှင့်ဆက်စပ်၍ လူမှုကွန်ရက်ပေါ်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်လာပြီး မကြာမီရက်ပိုင်းတွင် မုန်တိုင်းဖြစ်ပေါ်ပြီးနောက် မုန်တိုင်းဖြတ်သန်းမည့်ဒေသကိုပါ တရားမဝင်ဖော်ပြလာသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုတရားမဝင်သတင်းကို တွေ့ရှိလိုက်ကြသော ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ခြင်းများဖြစ်ကြပေမည်။

မြန်မာနိုင်ငံတွင် လူမှုကွန်ရက်ပေါ်မှ မမှန်ကန်သောသတင်းအချက်အလက်များ၊ ကောလာဟလသတင်းများကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုနှင့်နောက်ဆက် တွဲအကျိုးဆက်များ ခံစားနေကြရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော မိုးလေဝသသတင်းများသာမက အခြားအ‌ရေးကိစ္စသတင်းများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသောသတင်းများကို ယုံကြည်မှုမရှိဘဲ နိုင်ငံတော်က တရားဝင်ထုတ်ပြန်သည့် သတင်းအချက်အလက်များကို လေ့လာမှတ်သားပြီး ပြည်သူများ၏အကျိုးစီးပွားမထိခိုက်အောင် သတိမူဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။    

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment