နေပြည်တော် ဇွန် ၁၆
စစ်တွေမြို့သို့ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ဇွန်လ ၁၄ ရက်နေ့တွင် မြောက်ဦးမြို့၊ မင်းပြားနှင့်ကျောက်ဖြူမြို့များသို့သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမများတွင် သီးခြားစီ တွေ့ဆုံအမှာစကားပြောကြားသည်။
ဦးစွာ
ခရိုင်/မြို့နယ်များရှိ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကြီးကြပ်ရန်တာဝန်ပေးအပ်ထားသည့် တပ်မတော်အရာရှိကြီးများက
မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေး တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု
အခြေအနေများကိုတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်
နိုင်ငံတော်ဝန်ကြီးချုပ်၏တာဝန်ပေးချက်အရ မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်မှုအခြေအနေ၊ ဖြည့်ဆည်း ပေးရန်လိုအပ်မှုအခြေအနေတို့ကိုသိရှိအောင် လာရောက်ခြင်းဖြစ်ကြောင်း၊
သဘာဝဘေးအန္တရာယ်သည်မဖြစ်ပွားအောင် တားဆီးခြင်းမပြုနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများဖြင့်
ထိခိုက်ဆုံးရှုံးမှုနည်းအောင် ကာကွယ်နိုင်ပါကြောင်း။
မိုခါမုန်တိုင်းသည်
တစ်နာရီ မိုင် ၁၂၀ နှုန်းပြင်းအားဖြင့် ကြီးမားပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်သော်လည်း
နိုင်ငံတော်၏ကောင်းမွန်သော ကြိုတင်ပြင်ဆင်မှုနှင့် ပြည်သူတို့၏ပူးပေါင်းပါဝင်မှုတို့ဖြင့်
ကောင်းမွန်စွာရင်ဆိုင် ဖြတ်ကျော်ခဲ့သည်ကိုတွေ့မြင်နိုင်ကြောင်း။
နိုင်ငံတော်၏
ဘတ်ဂျက်၊ နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်တို့၏ အလှူငွေများဖြင့် ပထမဦးစားပေးအနေဖြင့်
ပြည်သူအားလုံးအမိုးအကာအောက် လုံခြုံစွာရောက်ရှိနေထိုင်နိုင်ရန် စီမံခဲ့ကြောင်း၊ ဒုတိယဦးစားပေးအနေဖြင့်
မုန်တိုင်းမတိုင်မီ ကြိုတင်ကြေညာထားသည် ဇွန် ၁ ရက်နေ့ ကျောင်းဖွင့်နိုင်ရေးအတွက် အထက်တန်းကျောင်းများကို
ဦးစားပေးပြင်ဆင်ခဲ့ပြီး သတ်မှတ်ရက်တွင် ကျောင်းသား/ကျောင်းသူများကို အမိုးအကာအောက်
လုံခြုံစွာဖြင့်ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ပြင်ဆင်ဆဲကျောင်းများအတွက်လည်း ယာယီအဆောက်အဦများဖြင့်
အမိုးအကာအောက်တွင် သင်ကြားနိုင်ရေး ပြုလုပ်ပေးနိုင်ခဲ့ကြောင်း။
တတိယဦးစားပေးအနေဖြင့်
ကျန်းမာရေးကဏ္ဍတွင် ဆေးရုံ/ဆေးခန်းများ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုကာလတွင် ကျန်းမာရေးစောင့်ရှောက်မှုများ
ပုံမှန်ပြန်လည်ပြုလုပ်ပေးလျက်ရှိကြောင်း။
မြောက်ဦးမြို့သည်
သမိုင်းတန်ဖိုးအရ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းမြို့တော်မြို့ဖြစ်၍ ပိုမို အလေးထားဆောင်ရွက်ရန်လိုပြီး
ရှေးမူမပျက်ပြုပြင်မှုများ ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ကမ္ဘာ့ယဉ်ကျေးမှုအဖြစ် အသိအမှတ်ပြုသည့်
UNESCO မှတ်တမ်းဝင်အောင် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့်
ခရီးသွားလုပ်ငန်းအတွက် ပြည်တွင်း/ပြည်ပ ခရီးသွားများကိုဆွဲဆောင်ရာ နယ်မြေဖြစ်လာမည်ဖြစ်ပြီး
တစ်ဖက်တွင် ဒေသ၏စီးပွားရေး ဖွံ့ဖြိုးမှုအခွင့်အလမ်းကောင်းများရရှိလာမည်ဖြစ်ကြောင်း။
မုန်တိုင်းကြောင့်ထိခိုက်မှု
ပြင်းထန်သောမြို့များ၌ ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည်တွင်လည်း
ထိခိုက်မှုများဖြစ်ပေါ်ခဲ့ရာထိခိုက်မှု မပြင်းထန်သောမြို့များအနေဖြင့် မိမိဒေသ၏အားသာချက်ကိုအသုံးချ၍
ကုန်ထုတ်မှုစွမ်းအားကို ပုံမှန်အခြေအနေထက်ပို၍ မြှင့်တင်လုပ်ဆောင်ရန်လိုကြောင်း၊ ထိုသို့
လုပ်ဆောင်ခြင်းဖြင့် မုန်တိုင်းကြောင့် စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်နေသည့် မြို့နယ်များ၏စားကုန်၊
သောက်ကုန်၊ လူသုံးကုန်နှင့် အထွေထွေပစ္စည်း လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်
သည့်အပြင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများပြားနေသည့် မြို့နယ်များ၏ ပျက်စီးဆုံးရှုံးခဲ့ရသည့်
ကုန်ထုတ်လုပ်ငန်းများ ပြန်လည်ထူထောင်ရေးကာလ အတွင်း ကျဆင်းခဲ့ရသည့် မြို့နယ်အလိုက် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့်
ဝန်ဆောင်မှုတန်ဖိုး GDP ကိုလည်း တစ်ဖက်တစ်လမ်းမှ ကာမိစေမှာဖြစ်ကြောင်း၊ ၎င်းအပြင် မိမိပြည်နယ်
အတွင်းမှာပင် အသား၊ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်နှင့် အခြားသော အခြေခံစားကုန်၊ သောက်ကုန်၊
လူသုံးကုန်ပစ္စည်းတို့ကို ပြည်နယ်အတွင်းမှာပင် ဖြည့်ဆည်းပေးနိုင်ခြင်းဖြင့် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ
ဝယ်ယူပို့ဆောင်စရိတ် မြင့်မားစွာပေးချေ၍ ကုန်ပစ္စည်းများမှာယူရခြင်းမှ လျှော့နည်းခြင်းဖြင့်လည်း
ဒေသအတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း အတတ်နိုင်ဆုံး တားဆီးနိုင်မည် ဖြစ်ပါကြောင်း။
လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရန်
နိုင်ငံတော်အနေဖြင့် သတ်မှတ်စည်းမျဉ်းများနှင့်အညီ မတည်ရင်းနှီးငွေ ကာလ၊ လုပ်ငန်းတိုးချဲ့ကာလနှင့်
ဆောင်ရွက်ဆဲ လုပ်ငန်းကာလအလိုက် သတ်မှတ်အတိုးနှုန်းဖြင့် ချေးငွေရရှိရေးနည်းလမ်းနှင့်
အခွင့်အလမ်းများကိုလည်း MSME ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီမှလမ်းညွှန်ပေးထားပြီးဖြစ်ပါကြောင်း၊
ရခိုင်ပြည်နယ်အတွင်း GDP တိုးတက်မှသာလျင် တစ်ဦးချင်းဝင်ငွေလည်းတိုးမြှင့်လာမှာဖြစ်ကြောင်း၊
တစ်ဦးချင်းဝင်ငွေ တိုးတက်လာမှလည်း ဝယ်လိုအားများမြင့်မားလာပြီး ဝယ်လိုအားမြင့်မားမှလည်း
ထုတ်လုပ်မှုစွမ်းအားနှင့် ကုန်ကြမ်းရရှိရေးကာလများလည်း ကွင်းဆက်အကျိုးတရားများဖြင့်
ပြည်နယ်၏စီးပွားရေးကဏ္ဍမှာလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြန်လည်ထူထောင်ရေးကာလအတွင်းဒေသ၏
အဓိကစီးပွားရေး လုပ်ငန်းများဖြစ်သောသား၊ ငါး၊ လယ်ယာလုပ်ငန်းများနှင့် မွေးမြူရေးကဏ္ဍများကိုလည်း
အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွား ရန်လို ကြောင်း။
ပြင်လည်ထူထောင်ရေးလုပ်ငန်းတွင်
ညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း၊ “ပြည့်အင်အားသည်
ပြည်တွင်းမှာသာရှိသည်” ဟူသော စကားနှင့်အညီ တာဝန်ရှိသောဌာနဆိုင်ရာများ၊
ပရဟိတအသင်း အဖွဲ့များ၊ ဒေသခံပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် စစ်တွေမြို့အပါအဝင်
မုန်တိုင်းထိခိုက်သော မြို့နယ်များတွင် တစ်လအတွင်း မြင်သာထင်သာသည့် တိုးတက်မှုများတွေ့ရှိရပါကြောင်း။စည်းလုံးညီညွတ်မှုဖြင့်
သဘာဝဘေးအန္တရာယ်သာမက မည်သည့်ဘေးအန္တရာယ်မဆို ရင်ဆိုင်ဖြတ်ကျော်နိုင်ကြောင်း၊ သို့ဖြစ်၍
“စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဆိုသည့် စကားနှင့်အညီ မုန်တိုင်းအလွန်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူလူထုအားလုံးပူးပေါင်း၍
အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်းဖြင့် အသေးစိတ်ဆွေးနွေးရှင်းလင်းပြောကြားပြီး
ဌာနဆိုင်ရာ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
မြောက်ဦးမြို့၊ မင်းပြားနှင့်ကျောက်ဖြူမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ဆရာတော်၊
သံဃာတော်များအားဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
မြောက်ဦးမြို့၊ မင်းပြားနှင့်ကျောက်ဖြူမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ မုန်တိုင်းတိုက်ခိုက်မှုကြောင့်
ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများအား ပြန်လည်ပြင်ဆင်နေမှု အခြေအနေများနှင့်
ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှုအားပေးစကား
ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
အလားတူ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်
မင်းပြားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများတက်ရောက်
ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံဆွေးနွေးကာ
တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့အပြင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် မြောက်ဦးမြို့၊
မင်းပြားမြို့၊ ကမ်းနီ၊ စစ်တောနှင့်ကျောက်ဖြူမြို့တို့ရှိ နယ်မြေခံတပ်ရင်းများ၊ ရဲတပ်ရင်းများအား
လိုက်လံကြည့်ရှုစစ်ဆေးပြီး တပ်မတော်သား အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်
မိသားစုများအားတွေ့ဆုံအားပေးစကားပြောကြားပြီး ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ
စားသောက်ဖွယ်ရာများနှင့် ရာသီသီးနှံမျိုးစေ့ထုတ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment