Friday, June 16, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် အလှူငွေများ ပေးအပ်ပွဲသို့တက်ရောက်

နေပြည်တော် ဇွန် ၁၆

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် အလှူရှင်များကလှူဒါန်းသည့် အလှူငွေများအားပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လောကာနန္ဒစေတီတော်လှိုဏ်ဂူအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဆရာတော် ဘဒ္ဒန္တ နန္ဒသီရိအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက နန္ဒရာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် အလှူတော်ငွေကျပ် ၁၀၆၀ သိန်းအားပေးအပ်လှူဒါန်းရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း က လက်ခံရယူသည်။

ယင်းနောက် မြို့နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့် ပရိယတ္တိ စာသင်တိုက် ပဓာနနာယက မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တဉာဏာဝံသထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အနုမောဒနာတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

ယနေ့လှူဒါန်းသည့် အလှူတော်ငွေကျပ် ၁၀၆၀ သိန်းကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပေါင်းလောင်းလေးကျေးရွာ၊ ရွာဦးကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဝိဇ္ဇောဘာသာလင်္ကာရာဘိဝံသက အလှူငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့မှ ဦးဝေချင်းဟိုင်မိသားစု Hanley Group က အလှူတော်ငွေကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း၊ ဦးစည်သူဝင်းမိသားစု Guardian Academy Private School က အလှူတော်ငွေသိန်း ၄၀ ကိုလည်းကောင်း အသီးသီးလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment