Saturday, June 3, 2023

မွန်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်

 

မော်လမြိုင် ဇွန်   ၃

မွန်ပြည်နယ်တွင် သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ စေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောသစ်ပင် ပြုန်းတီးမှုများကို ပြန်လည်အစားထိုးနိုင်ရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန်ရည်ရွယ်၍ ပြည်နယ်သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂ဝ၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ ၃ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အ.လ.က(၆) ကျောင်းဝင်းအတွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။












ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက “သက်ရှိလောက တည်မြဲဖို့၊ သစ်ပင်စိုက်ပျိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း လူသားတွေအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နိုင် ရေးအတွက် သစ်ပင်တွေ စိုက်ပျိုးဖို့၊ သစ်တောတွေကို ထိန်းသိမ်းဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သစ်တောများ ကောင်းမွန်ပါမှ ဂေဟစနစ်များနဲ့ ပတ်ဝန်းကျင် တည်ငြိမ်ပြီး သက်ရှိအားလုံး၏ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ၊ လူမှုစီးပွား ဖွံ့ဖြိုးရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုနိုင် မှာ ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းဟာ ဇရပ်၊ တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြာသာဒ်နှင့်အခြားထာဝရ ကုသိုလ်အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မှာ ဖြစ်ကြောင်း၊ ယခုကျင်းပသော သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင်မျိုး (၇)မျိုး၊ အပင်အရေ အတွက် (၁,၀၀၀)ပင် စိုက်ပျိုးသွားမှာ ဖြစ်ပြီး၊ ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်တဲ့အပင်များ ကြီးမြန်သစ်မျိုးများ၊ အမြဲ စိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စသည့် အပင်အမျိုးမျိုးကို အစီအစဉ်တကျ စိုက်ပျိုးသွားမှာ ဖြစ်၍၊  သစ်တောသစ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ ထင်း/မီးသွေး သုံးစွဲမှုလျော့ချရေး၊ သစ်တောပြုန်းတီးမှုဖြစ်ပေါ် စေသည့်ကိစ္စများ ရှောင်ရှားရေး၊ ဒီရေတောများ တိုးချဲ့စိုက်ပျိုးရေးနဲ့ သဘာဝ ဒီရေတောများ ကာကွယ်ရေး စတဲ့ လုပ်ငန်းစဉ်တွေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ နိုင်ငံတော်နဲ့အတူ တိုင်းရင်းသား ပြည်သူများ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက် ကြစေလိုကြောင်း မှာကြားခဲ့သည်။

ထိုနောက် မိုးရာသီ သစ်ပင်များကို စိုက်ပျိုးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သစ်မာအမျိုးအစားများဖြစ်သော ကျွန်း၊ သင်္ကန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊  မန်ဂျန်ရှား၊ ပျဥ်းမ၊ ယမနေ စသည့် သစ်ပင်အမျိုးအစားများ စိုက်ပျိုးခဲ့ပြီး တက်ရောက်လာသူများမှ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကိုပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှည့်လည်  ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ် အနေဖြင့် သစ်တောဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီတွင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်  လူထုဖြန့်ပျိုးပင် လျာထားချက် အပင်ရေ(၃) သိန်း ကို စိုက်ပျိုးထားလျက်ရှိပြီး နှစ်စဉ် နှစ်တိုင်း ကျရောက်သည့် ယခုလို မိုးရာသီကာလတွင် သစ်ပင် အမျိုးမျိုးတို့ကို ဒေသစိမ်းလန်း စိုပြည်ရေး၊ သစ်တောသစ်ပင် ပြုန်းတီးမှုများကို ပြန်လည် အစားထိုးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုနှင့် ဂေဟစနစ် ပြောင်းလဲမှုများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment