Saturday, June 10, 2023

ပူးပေါင်းပါဝင်မှ ခရီးတွင်မည်

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အသေးစား၊ အငယ်စား၊  အလတ်စား စီးပွားရေးလုပ်ငန်းများကို  အားပေးမြှင့်တင်လျက်ရှိသည်။ MSME ခေါ် သေး၊ ငယ်၊ လတ် စီးပွားရေး လုပ်ငန်းများမှာ  မိမိတို့နိုင်ငံတွင်  အများစုလုပ်ကိုင်နေ ကြပြီး အဓိကမောင်း နှင်အား လည်းဖြစ်ရာ  MSME  များကို အားပေးဆောင်ရွက်ခြင်းအားဖြင့်  ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန်လည်း ရည်ရွယ်သည်။

MSME များကို အားပေးမြှင့်တင်ရာတွင် ကုန်ထုတ်လုပ်မှု ကဏ္ဍကို အဓိကဆောင်ရွက် သွားရမည်ဖြစ်ပြီး ထုတ်ကုန်နယ်ပယ် များအနေဖြင့် စားသုံးဆီထုတ်လုပ်မှု၊ ဆန်နှင့် ဆန်ကွဲကို အခြေခံသည့် ထုတ်လုပ်မှု၊  ပီလောပီနံကို  အခြေခံသည့် ထုတ်လုပ်မှု၊ ရော်ဘာကို အခြေခံသည့် ထုတ်လုပ်မှု၊  ဝါကိုအခြေခံသည့် ထုတ်လုပ်မှု၊ ကော်ဖီနှင့်လက်ဖက်ကို အခြေခံသည့်ထုတ်လုပ်မှု၊ သစ်၊ ကြိမ်၊ ဝါးများကို အခြေခံသည့် ထုတ်လုပ်မှု၊ မွေးမြူရေး၊ အသားငါးကို အခြေခံသည့် ထုတ်လုပ်မှု၊ တိရစ္ဆာန်အစားအစာနှင့် ဆေးဝါးထုတ် လုပ်မှု စသည်တို့ကို  မိမိတို့ဒေသအလိုက် ရရှိနိုင် သောကုန်ကြမ်းများ အသုံးပြုထုတ်လုပ်ကြ ရန်ဖြစ်သည်။ဖော်ပြပါ  ကုန်ကြမ်းများသည် ပြည်တွင်း၌  စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှ ထွက်ကုန်များ၊ သစ်တောသယံ ဇာတများဖြစ်ပြီး သေချာသော ကုန်ကြမ်းများဖြစ်သည်။ ကုန်ကြမ်းတစ်မည်ကို အခြေခံ ၍ စားသောက်ကုန်၊ လူသုံးကုန် စသည့်ကုန်ချောအမယ်ပေါင်း များစွာကို တီထွင်နိုင်စွမ်းရှိသလောက် ထုတ်လုပ်နိုင် သည်။ အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ပြီး အဆင့်မြင့်ထုပ်ပိုး၍ ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်သည်။

“MSME နှင့် စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်ခရီးစဉ်များ တွင် လမ်းညွှန်ခဲ့သည်မှာ ညွှန်ကြား ချက် ၁၉၀ ကျော်ရှိပြီး လုပ်ငန်း ရှင်များနှင့် ဒေသခံများ၏ တင်ပြချက်များမှာ အချက်ပေါင်း ၂၃၀ ကျော်ရှိကြောင်း၊ ယင်းတင်ပြချက်များမှာ နည်းပညာ၊ ငွေကြေး၊ ဈေးကွက်နှင့် မြေနေရာ၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် အခြားကဏ္ဍ များပါဝင်ကြောင်း၊ ယင်းတင်ပြချက်များအပေါ် မိမိတို့ လုပ်ငန်း ကော်မတီအနေဖြင့်  တိုင်းဒေသ ကြီးနှင့် ပြည်နယ်အေဂျင်စီများ နှင့် ချိတ်ဆက်ပြီး ကြပ်မတ် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိ ပါကြောင်း” အသေးစား၊  အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်း ကော်မတီ အစည်းအဝေး  (၁/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့သည်။

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီသည် လုပ်ငန်းရှင်များ၏ တင်ပြချက်၊ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ထုတ်ကုန်နယ်ပယ်များ သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း တိုင်းဒေသကြီး /ပြည်နယ်အေဂျင်စီများနှင့် ချိတ်ဆက်အကောင် အထည်ဖော်လျက်ရှိသည်။  ငွေကြေးနှင့်နည်းပညာများ ပံ့ပိုးနိုင် ရေး၊  သတင်းအချက်အလက်များ မှန်ကန်မြန် ဆန်စွာရရှိရေး၊ ကျွမ်းကျင်လုပ်သားနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟုလည်း  သိရသည်။

မိမိတို့နိုင်ငံတွင်  ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် အရင်း အမြစ်များစွာရှိသော်လည်း ကုန်ထုတ် လုပ်မှုအပေါ် အားပေးမှု နည်းပါးခဲ့သည်။ နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုး မွေးမြူရေး ကဏ္ဍမှထွက်ရှိလာသော ထွက်ကုန်များမှာ ကုန်ကြမ်း များအဖြစ်ဖြင့်သာ ပြည်ပသို့တင်ပို့ ခဲ့ကြသည်။ ဥပမာအားဖြင့် ပြောင်းဖူး၊ ကြံ စသည်တို့ကို အပင်လိုက်တင်ပို့မှုများ၊ နွား၊ ဆိတ် အရှင်အကောင်လိုက်တင်ပို့မှုများ စသည်တို့မှာ ထင်ရှားသော ဥပမာများပင်ဖြစ်သည်။  ပြည်တွင်းမှ ကုန်ကြမ်းကို ပြည်တွင်း မှာပင် ကုန်ချောထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်ခြင်း၊ ပြည်တွင်းစားသုံးမှု တိုးတက် ခြင်း စသည့်ရလဒ်များ ရရှိလာနိုင်မည်ဖြစ်သည်။ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ခြင်းဖြင့်သာ လိုအပ်သော သွင်းကုန်များ ပိုမိုတင်သွင်းရရှိနိုင်မည်ဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက်  နိုင်ငံတော်က  အထူးတလည်အားပေး မြှင့်တင်မှုများ ပြုလုပ်လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အလျင်အမြန် ဖွံ့ဖြိုး တိုးတက်မှုကို ရယူနိုင်ကြပါမည့်အကြောင်း။  

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)

No comments:

Post a Comment