Tuesday, June 27, 2023

စိုက်ပျိုးမြေအာဟာရဖွံ့ဖြိုးရေး ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ

 

ယခုနှစ်မိုးစပါးရာသီတွင် စပါးအထွက်တိုးရေးအတွက် မြေဆီလွှာဖွံ့ဖြိုးကောင်းမွန်လာစေရန် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မြေခံထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေကြပြီ ဖြစ်သည်။ သစ်စိမ်းမြေဩဇာဆိုသည်မှာ စိုက်ပျိုးမည့်သီးနှံပင်များ အာဟာရ ရရှိနိုင်ရေးအတွက် ပိုက်ဆံလျှော်ပင်၊ ပဲမျိုးရင်း ဝင်အပင်များ စသည်တို့ကို စိုက်ပျိုး၍ သစ်စိမ်းမြေဩဇာအဖြစ် ထည့်သွင်းခြင်းဖြစ်သည်။

ပြည်ပမှ ဝယ်ယူတင်သွင်းရသည့် ဓာတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်ခြင်း၊ ရေရှည်တွင် မြေဆီလွှာနှင့်သဘာဝ ပတ်ဝန်းကျင်တို့ကို ထိခိုက်စေခြင်းတို့ကြောင့် စီးပွားရေးအရလည်း တွက်ခြေကိုက်၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်တို့ကို မထိခိုက်စေဘဲ အကျိုးပြုသော သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းကို တိုက်တွန်းအားပေးလျက်ရှိသည်။ သစ်စိမ်း မြေဩဇာသည် မြေဆီလွှာဖွဲ့စည်းပုံကို ပိုမိုကောင်းမွန်စေသည့် အပြင် မြေဆီလွှာအတွင်း လေအဝင်အထွက်နှင့် ရေထိန်းသိမ်းနိုင်မှုကိုလည်း ပိုမိုကောင်းမွန်စေသည်။ မြေဆီလွှာအတွင်း အကျိုးပြု အဏုဇီဝပိုးများကို ပိုမိုတိုးပွားစေသည်။ အပင်အတွက် လိုအပ်သည့် အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်သည်။ အပင်ကြီးထွားမှုကို အားပေးသည့် နိုက်ထရိုဂျင်ဓာတ်ကို ဖြည့်ဆည်း ပေးသည့်အပြင် မြေဆီလွှာတိုက်စားခံရမှုကိုလည်း ကာကွယ်ပေးနိုင်သည်။

စိုက်ပျိုးသီးနှံများ အထွက်တိုးရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော အဓိက (၄) ချက်လိုအပ်ရာ မြေဆီလွှာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော နွေထယ်ရေးခံခြင်း၊ ထုံး၊ မြေဆွေး၊ သဘာဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာများ ထည့်သွင်းခြင်းတို့ကို ဝီရိယစိုက် ဆောင်ရွက်ကြခြင်းဖြင့် သီးနှံအထွက်တိုးရေးကို အကျိုးပြုနိုင်မည်ဖြစ်သည်။ သစ်စိမ်းမြေဩဇာအဖြစ်အသုံးပြုသည့် ပိုက်ဆံလျှော်သည် သီးနှံပင်များအတွက် အာဟာရဓာတ်များစွာ ပါဝင်သောအပင်ဖြစ်ရာ ၎င်း၏အရွက်သည် နိုက်ထရိုဂျင် ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပါဝင်သည်။ ပိုက်ဆံလျှော်သည် စိုက်ပျိုးရက် ၆၀ မှ ၇၅ ရက်အတွင်း နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် စသည့်အာဟာရတို့ ပါဝင်မှုအကောင်းဆုံးဖြစ်ပြီး ၎င်းအချိန်တွင် မြေဩဇာအဖြစ် အသုံးပြုရန် အကောင်းဆုံးဟုဆိုသည်။ မိုးသီးနှံစိုက်ပျိုးရာတွင် ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာကို ထယ်မှောက်ပြီး ၁၅ ရက်၊ ဆောင်းသီးနှံစိုက်ပျိုးရာတွင် ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာကို ထယ်မှောက်ပြီး တစ်လအကြာတွင် ထွန်မွှေပြီး သီးနှံစိုက်ပျိုး နိုင်ကြောင်း နည်းလမ်းပြထားသည်။ အခြားစိုက်ခင်းများတွင် ပိုက်ဆံလျှော်ကို စိုက်ပျိုးပြီး သီးနှံစိုက်ပျိုးမည့် စိုက်ကွင်းသို့ သယ်ဆောင်ထည့်သွင်းခြင်း၊ ပိုက်ဆံလျှော်ပင်များကို အခြောက် လှန်းထုခြေထုပ်ပိုးသိမ်းဆည်းပြီး မြေဩဇာအဖြစ် အသုံးပြုခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။

ပိုက်ဆံလျှော်သည် မြေချဉ်ငန်ကိန်း ၅ မှ ၈ ဒသမ ၅ ရှိသော မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်သည်။ ၎င်းအတွက် နုန်းမြေသည် အကောင်းဆုံးဖြစ်သော်လည်း မြေညံ့များ၊ အခြားသီးနှံစိုက်ပျိုးမရသော မြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ သစ်စိမ်းမြေဩဇာ အသုံးပြုနိုင်ရန်အတွက် မိုးရာသီတွင် စိုက်ပျိုးကြပြီး ကြဲပက်၍ဖြစ်စေ၊ အတန်းလိုက်ဖြစ်စေ စိုက်ပျိုးနိုင်သည်။ မျိုးစေ့နှုန်းထားတစ်ဧကလျှင် ပေါင် ၄၀ မှ ၆၀ ခန့်အထိ အသုံးပြုရမည်ဖြစ်ကြောင်း ပညာရှင်များက အကြံပြုထားသည်။

နိုင်ငံ့စားရေရိက္ခာဖူလုံပိုလျှံရေး၊ ပြည်ပသို့ပိုမိုတင်ပို့ရောင်းချနိုင်ရေးတို့အတွက် ဆန်စပါးပိုမိုစိုက်ပျိုးထုတ်လုပ်ကြရာတွင် မြေဆီလွှာကောင်းမွန်ရေးကို မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာသည် မြေဆီလွှာတွင် သီးနှံများအတွက် အာဟာရဓာတ်များ ကြွယ်ဝစေခြင်း၊ ရောဂါပိုးမွှားကာကွယ်နိုင်ခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချနိုင်သည့်အတွက် ကုန်ကျစရိတ်သက်သာစေခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေခြင်း စသည့်ကောင်းကျိုး အဖြာဖြာနှင့် ပြည့်စုံစေနိုင်သည့်အလျောက် တောင်သူတိုင်းက ပိုမိုစိုက်ပျိုးသုံးစွဲနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

No comments:

Post a Comment