Tuesday, June 27, 2023

လူမှုစီးပွားဘဝလုံခြုံရေး ပူးပေါင်းဆောင်ရွက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် ပထမအချက်တွင် “ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်” ဟု ချမှတ်ထားသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ အဓိကလိုအပ်ချက်မှာ လူမှုဘဝတွင် လုံခြုံစိတ်ချစွာဖြင့် စိတ်အေးချမ်းစွာနေထိုင်နိုင်ပြီး စီးပွားဥစ္စာရှာဖွေစားသောက်နိုင်ရေးဖြစ်သည်။

ပြည်သူများ လူမှုစီးပွားဘဝလုံခြုံစိတ်ချမှုရှိစေရန်အတွက် ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏တာဝန်ဖြစ်သော်လည်း ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှသာ ပိုမိုလုံခြုံစိတ်ချသောဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်သူလူထု ပူးပေါင်းလက်တွဲပါဝင်ဆောင်ရွက်မှုကြောင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ခိုင်မာစွာတည်ဆောက်နိုင်ခဲ့သော သက်သေသာဓကများ များစွာရှိသည်။ ပြည်သူလူထုအနေဖြင့်လည်း မိမိရပ်ရွာကို မိမိတို့ကိုယ်တိုင် ကာကွယ်စောင့်ရှောက်ကြသော အစဉ်အလာကောင်းများရှိသဖြင့် ပေါ်ပေါက်လာသောအန္တရာယ်များကို ဆောလျင်စွာရှင်းလင်းနိုင်ပြီး ပြည်သူများ စိတ်အေးချမ်းသာစွာနေနိုင်ကြသည်။

မျက်မှောက်ကာလတွင် ပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာလုံခြုံရေးအတွက် ပါဝင်ဆောင်ရွက်လိုသော်လည်း အကြမ်းဖက်အဖွဲ့ NUG နှင့် ၎င်း၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ ပြည်သူများ အကြောက်တရားကြီးမားလာအောင် ရက်စက်ကြမ်းကြုတ်မှု၊ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ပူးပေါင်းပါဝင်မှုအားနည်းသည်ဟု သုံးသပ်ရသည်။ ထို့ကြောင့် အကြမ်းဖက်သမားများ ခေါင်းထောင်နေသေးခြင်းဖြစ်သည်။ ၎င်းတို့ရှင်သန်ရပ်တည်နိုင်ရန် လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းကို ဆက်လက်ကျင့်သုံးနေသည်။

ယခုအခါ လုံခြုံရေးတပ်ဖွဲ့များ၏ စွန့်စားကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် အကြမ်းဖက်သမားများအား ခပ်စိပ်စိပ် ရှင်းလင်းဖယ်ရှားနိုင်လာသည်။ အကြမ်းဖက်မှုများချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ခြင်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချမှုရရှိလာအောင် ရှေးရှုဆောင်ရွက်နိုင်ခြင်းဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမည်ဖြစ်သလို ဆက်လက်၍လည်း လုံခြုံရေးတပ်ဖွဲ့များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်၍ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်တွင် ရွှေဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ခဲ့သူများနှင့်ဆက်စပ်ပါဝင်သူ ကိုးဦးနှင့် ဓားပြတိုက်ခဲ့သည့် ရွှေထည်ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့က အချိန်ငါးနာရီအတွင်း ပြန်လည်ရမိခဲ့ခြင်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်သူများ၏ ကူညီဆောင်ရွက်ပေးခြင်း အကျိုးရလဒ်ဖြစ်ပေသည်။ တစ်ဆက်တည်းတွင် ဖမ်းဆီးရမိတရားခံများအား စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါရွှေဆိုင် ဓားပြတိုက်သူများသည် တွံတေးမြို့ပြပျောက်ကျားအမည်ခံ အကြမ်းသမားများအဖြစ် ဖော်ထုတ်တွေ့ရှိခဲ့သည်။

တွံတေးမြို့ပြပျောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် KNLA တပ်မဟာ(၆)နယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တွံတေးမြို့နယ် ဂယက်လက်မီးကျေးရွာ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ပြီး တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့ အတွင်း လုပ်ကြံသတ်ဖြတ်မှု အကြိမ် ၂၀၊ ဓားပြတိုက်လုယက်မှု သုံးကြိမ်နှင့် အကြမ်းဖက်ဖောက်ခွဲမှုတစ်ကြိမ် ကျူးလွန်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ လက်ရှိအချိန်အတွင်း အဆိုပါအကြမ်းဖက်သမားများ ပြည်သူများကြားတွင်စိမ့်ဝင်ပြီး အကြမ်းဖက်လုယက်သတ်ဖြတ်မှုများကို သင်ခန်းစာယူ၍ သုံးသပ်ဆင်ခြင် သတိပြုကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် ပေါ်ပေါက်လာသည့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အကြမ်းဖက်အဖွဲ့ NUG နှင့် EAO အချို့၏ ထောက်ပံ့ကူညီပေးမှုဖြင့် ပြည်တွင်း၌ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်သမားများသည် ပြည်သူများအတွင်းမှ ပေါ်ပေါက်လာပြီး ပြည်သူများကြားတွင် စိမ့်ဝင်ခိုအောင်းကာ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ လုယက်ဓားပြတိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် ဒုစရိုက်မှုများ၊ တိုင်းပြည်ဖျက်ဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ပြည်သူများကြားမှ အကြမ်းဖက်သမားများကို အမြန်ဆုံးရှင်းလင်းဖယ်ရှားနိုင်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရေးက အရေးကြီးသည်ကို ဖြစ်စဉ်များက မီးမောင်းထိုးပြထားသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုကြားမှ အကြမ်းဖက်အဖျက်သမားများအား ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ ကူညီဆောင်ရွက်မှုဖြင့် အမြန်ဆုံးချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။      

No comments:

Post a Comment