Wednesday, June 7, 2023

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရာတွင်


 

၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသနစစ်တမ်းတစ်ရပ် အရ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေ ၆၄၀၀၀ ခန့် အသက်ဆုံးရှုံးနေရပြီး စီးပွားရေးအရနှစ်စဉ်ဆုံးရှုံးမှုတန်ဖိုးသည် မြန်မာကျပ်ငွေ ၂ ဒသမ ၆ ထရီလီယံနှင့်ညီမျှသည်ဟု တွေ့ရှိရကြောင်းသိရသည်။ အရွယ်ရောက်ပြီးသူများ၏ ထက်ဝက်ကျော် (၅၄ ဒသမ ၄ ရာခိုင်နှုန်း) သည် ဆေးလိပ်၊ ဆေးရွက်ကြီး တစ်မျိုးမျိုးကို သုံးစွဲနေကြသည်ဟုဆိုရာ ယင်းနှင့်ဆက်စပ်၍ ဖြစ်ပွားလာ သောရောဂါများအတွက် ၂၀၁၆ ခုနှစ်က ကျန်းမာရေးအသုံး စရိတ် မြန်မာငွေကျပ် ၃၀၇ ဒသမ ၄ ဘီလီယံ နိုင်ငံတော်က ကုန်ကျခံခဲ့ရသည်။

မိမိတို့နိုင်ငံသည် ကမ္ဘာတွင်‌ရောဒေသတွင်း၌ပါ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုမြင့်မားသောနိုင်ငံစာရင်းတွင်ပါဝင်နေပြီး ရောဂါများဖြစ်ပွားခြင်းကြောင့် ပြည်သူလူထု၏ကျန်းမာ ရေးကိုများစွာထိခိုက်စေသလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း ကြီးစွာသောအဟန့်အတားကို ဖြစ်ပေါ်စေသည်။ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုများအနက် ဆေးရွက်ကြီးထွက်ပစ္စည်းတစ်မျိုးမျိုးကို ကွမ်းယာထဲတွင် ထည့်၍စားသုံးမှုအရေအတွက်က ပိုမိုများပြားသည်ကို တွေ့ရသည်။ မြန်မာတို့စားသည့်ကွမ်းယာတွင် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းတို့ပါဝင်ပြီး နှပ်ဆေး၊ ဆေးပေါင်း၊ ဆစ်ဂနယ် စသောဆေးရွက်ကြီးကို ပြုပြင်ထုတ်လုပ်ထားသည့်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံအချို့မှတင်သွင်းခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်းဖြစ်သညကိုတွေ့ရသည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရာတွင် ဆေးလိပ်ထုပ်များ၊ စီးကရက်ဘူးများ၌ သတိပေးရုပ်ပုံနှင့်စာသားများဖော်ပြခြင်းဖြင့် သောက်သုံးမှုကိုထိရောက်စွာ လျော့ကျစေသည်ဟုဆိုသော်လည်း ကွမ်းယာအတွင်းထည့် စားသည့်ဆေးနှင့်စပ်လျဉ်း၍ သတိပေးရုပ်ပုံနှင့်စာသားဖော်ပြ နိုင်မှုမရှိခြင်း၊ ပညာပေးမှုနည်းပါးခြင်းတို့ကြောင့် ကွမ်းယာကိုဆေးနှင့်စားသည့်အလေ့အထ ရှင်သန်ကြီးထွားနေခြင်း ဖြစ်ဖွယ်ရှိသည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ တင်သွင်းမှု၊ ထုတ်လုပ်မှုတို့မှာ နိုင်ငံအတွက် အကျိုးစီးပွားဖြစ်ထွန်းမှုမရှိဘဲ ပြည်သူ့ကျန်းမာရေးထိခိုက်မှု၊ နိုင်ငံတော်အတွက် ကျန်းမာရေးဝန်ထုပ်ဝန်ပိုး ဖိစီးစေမှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဟန့်အတားဖြစ်စေမှုတို့သာ ဖြစ်ပေါ်စေမည်ဖြစ်ရာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ၏ အန္တရာယ် အသိပညာပေးမှုတို့ တိုးမြှင့်ပြုလုပ်ခြင်းနှင့်အတူ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ နိုင်ငံအတွင်းထုတ်လုပ်မှု၊ တင်သွင်းမှုတို့ကို လုံးဝပိတ်ပင်တားမြစ်သွားရန်အထိ မျှော်မှန်း ဆောင်ရွက်နိုင်ရန် လိုသည်။ “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေ ကို ခေတ်ကာလနှင့်အညီ ပြင်ဆင်မှုများပြုလုပ်ရာတွင်လည်း အီး-စီးကရက်ကဲ့သို့သော ခေတ်ပေါ်အီလက်ထရွန်နစ်နည်းလမ်းဖြင့် နစ်ကိုတင်းသုံးစွဲမှုများအတွက် ထည့်သွင်းရမည်ဖြစ်သလို နိုင်ငံအတွင်းလူအများစုသုံးစွဲနေကြောင်း စစ်တမ်းပြုတွေ့ရှိထားပြီးဖြစ်သည့် ကွမ်းယာအတွင်းထည့်စားသည့်ဆေးရွက်ကြီးထွက် ပစ္စည်းအမျိုးမျိုးတို့အတွက်လည်း အလေးအနက်ထား၍ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ပြည်ပမှတင်သွင်းလာပြီးသုံးစွဲရန်၊ ရှူရန်(Vape)အတွက် ကုန်ကျစရိတ်များသည့် အီး-စီးကရက်ထက် မြို့တိုင်း၊ နယ်တိုင်း၊ နေရာတိုင်းမှာတွေ့ရပြီး ဈေးနှုန်းအနည်းငယ်မျှနှင့် အလွယ်တကူဝယ်ယူစားနိုင်သည့် ကွမ်းယာ(ဆေးရွက်ကြီးထွက်ပစ္စည်း) ကို လူငယ်များက ပိုမို သုံးစွဲနေကြခြင်းဖြစ်ရာ မိမိတို့နိုင်ငံ၏ပကတိအခြေအနေအရ ကွမ်းယာအတွင်းဆေးပေါင်း၊ နှပ်ဆေး၊ 95 ၊ 100 ၊ Signal စသည့်ဆေးရွက်ကြီးများ ထည့်သွင်းစားသုံးနေမှုကိုလည်း အာရုံစိုက်၍ ဆောင်ရွက်သွားရန်လိုသည်။

မကူးစက်နိုင်သောရောဂါများကြောင့် အရွယ်မတိုင်မီသေဆုံးနေရမှုများ လျှော့ချနိုင်ရေး၊ လူတိုင်းကျန်းမာအသက် ရှည်စွာနေထိုင်နိုင်ရေး၊ နိုင်ငံ၏မျှော်မှန်းလူ့သက်တမ်း တိုးမြင့်လာရေးအတွက် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဆောင်ရွက်ရာတွင် နိုင်ငံအတွင်းသုံးစွဲနေကြသည့် အခြေအနေများနှင့်အညီ ကာကွယ်တားဆီးခြင်း၊ အသိပညာပေးခြင်း၊ ထိန်းချုပ်ခြင်းတို့ဆောင်ရွက်နိုင် ကြပါစေကြောင်း။ ။

No comments:

Post a Comment