မြန်မာနိုင်ငံတွင် နေ့စဉ်အများဆုံးထွက်ရှိသောပစ္စည်းများမှာ စွန့်ပစ်ပစ္စည်း အမှိုက်သရိုက်များပင်ဖြစ်သည်။ စွန့်ပစ်ပစ္စည်းများတွင် တစ်ခါသုံးကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်ပစ္စည်းများမှာ အများဆုံးဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင်လည်း အလားတူစွန့်ပစ်ပစ္စည်းများ နေ့စဉ်စွန့်ပစ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပျက်စီးရန်မလွယ်ကူသော အဆိုပါပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကြီးစွာခြိမ်းခြောက်လျက်ရှိသည်။
ပလတ်စတစ်သည်
သဘာဝအလျောက်မပျက်စီးသည့် ပြိုကွဲပျောက်ပျက်ရန် မလွယ်ကူသဖြင့် ပတ်ဝန်းကျင်ကိုညစ်ညမ်းစေသည့်အပြင်
အန္တရာယ်ရှိသောပစ္စည်းဖြစ်သည်။ မြို့ရွာများတွင် ပလတ်စတစ်အပါအဝင် စွန့်ပစ်အမှိုက်များကို
စနစ်တကျမစွန့်ပစ်ကြဘဲ ရေမြောင်း၊ မြစ်ချောင်းများအတွင်း စွန့်ပစ်ကြသောကြောင့် ရေလမ်းကြောင်းပိတ်ဆို့မှုဖြစ်ပွားခြင်း၊
ရေထုညစ်ညမ်းခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ တစ်ဆက်တည်းတွင် ရေသယံဇာတများညစ်ညမ်းစေခြင်း၊
ရေအရည်အသွေးကျဆင်းခြင်းအပြင် ရေနေသတ္တဝါများ ပျက်စီးခြင်းပါ ဖြစ်ပေါ်လျက်ရှိသည်။ မြစ်ချောင်းများမှ
တစ်ဆင့် ပင်လယ်သမုဒ္ဒရာအတွင်းရောက်ရှိသောအခါ သေးငယ်သော ပလတ်စတစ် အပိုင်းအစများအဖြစ်ပြောင်းလဲကာ
အဏ္ဏဝါညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။
ပလတ်စတစ်အမှိုက်အန္တရာယ်မှာ
အလွန်ကြီးမားနေကြောင်း သုတေသီများက တွေ့ရှိလာကြသည်။ ယခုအခါ သမုဒ္ဒရာများအတွင်း ပလတ်စတစ်တန်ချိန်
၇၅ သန်း
မှ ၁၉၉ သန်းအထိတွေ့ရှိနိုင်သည်ဟုသိရသည်။ ပလတ်စတစ်သုံးစွဲမှုကို မပြောင်းလဲ ပါက ရေနေဂေဟစနစ်အတွင်း
ပလတ်စတစ်အမှိုက်ဝင်ရောက်မှုပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၁၉ သန်းမှ ၂၃ သန်းအထိရှိနေပြီး
၂၀၄၀ ပြည့်နှစ်တွင် သုံးဆ နီးပါးတိုးလာနိုင်သည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်မှ ဖော်ပြထားသည်။
စွန့်ပစ်ထားသည့် ငါးဖမ်းပိုက်များ၊ ပျောက်ဆုံးသွားသည့် ငါးဖမ်းပိုက်များ၊ အသုံးမပြုတော့သည့်
ငါးဖမ်းပိုက်များ စသည့်အဏ္ဏဝါပလတ်စတစ်အမှိုက်များ၏ စိန်ခေါ်မှုသည် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်လာသည်။
စွန့်ပစ်ပလတ်စတစ်အမှိုက်များကို
မီးရှို့ဖျက်ဆီးမည်ဆိုပါက ကာဗွန်မိုနောက် ဆိုက်၊ ဒိုင်အောက်စင်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်
စသည့်အဆိပ်ဓာတ်ငွ့များထွက်ရှိ လာပြီး လေထုညစ်ညမ်းမှုများဖြစ်ပေါ်လာကာ လူသားတို့၏ကျန်းမာရေးကို
ဆိုးရွားစွာထိခိုက်နိုင်သည်။ ပလတ်စတစ်သည် စတင်ထုတ်လုပ်သည်မှစွန့်ပစ်သည်အထိ တစ်လျှောက်လုံးတွင်
သဘာဝပတ်ဝန်းကျင်၊ လေထု၊ မြေထု၊ ရေထုကို ညစ်ညမ်းစေသည်သာမကဘဲ
ကုန်းနေ၊ ရေနေသတ္တဝါများကိုပါ အန္တရာယ်ကျရောက်စေသည်။ ကမ္ဘာပေါ်ရှိ လူတစ်ဦးချင်းစီသည်
ယေဘုယျပျမ်းမျှအားဖြင့် တစ်နှစ်လျှင်ပလတ်စတစ်အမှုန်ပေါင်း ငါးသောင်းနှင့်အထက် ခန္ဓာကိုယ်အတွင်းသို့
ပုံစံအမျိုးမျိုးဖြင့်ရောက်နေသည်ကို လေ့လာတွေ့ရှိထားရာ မည်မျှအန္တရာယ်ကြီးမားသည်ကို
သတိပြုရမည်ဖြစ်သည်။ လူသားတို့၏ ပြုလုပ်ဆောင်ရွက်မှုကြောင့် ပလတ်စတစ်အမှိုက်အန္တရာယ်ကို
နိုင်ငံအားလုံးဖြေရှင်းရန်၊ စွန့်ပစ်ပစ္စည်းအနည်းဆုံးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့်
ပတ်လည်စီးပွားရေးသို့ အသွင်ကူးပြောင်းရန် အချိန်ကျရောက်နေပြီဖြစ်သည်။ မိမိတို့အကျိုးစီးပွားတစ်ခုတည်းကို
ဦးစားမပေးဘဲသဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် လူသတ္တဝါများကို
ကယ်တင်စောင့်ရှောက်ကြရမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင်
နိုင်ငံတော်အကြီးအကဲက “မိမိတို့တစ်တွေသည် မူလကတည်းကသဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများဖြစ်ကြသည့်အားလျော်စွာ
နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် မိမိတို့တတ်နိုင်သည့်ကဏ္ဍမှ
တာဝန်သိတတ်သည့်စိတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်” တိုက်တွန်းပြောကြားထားသည်။
ထို့အပြင်
ပြည်တွင်းမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းများကို
တတ်နိုင်သမျှ လျှော့ချရန်၊ ပြန်လည်သုံးစွဲ ရန်နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့်
ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို
အားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ မလိုလားအပ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ
ရှောင်ရှားနိုင်ရန်ပြည်ပနိုင်ငံများက စွန့်ပစ်ပစ္စည်းများ တင်သွင်းလာမှုများ မရှိစေရေးအတွက်လည်း
အထူးအလေးထားဆောင်ရွက်သွားကြရန်၊ နိုင်ငံအတွင်းစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြသည့်
သက်ဆိုင်ရာအဖွဲ့ အစည်းများအနေဖြင့် စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ်နှင့် အမှိုက်ခွဲခြားသိမ်းဆည်းသည့်
စနစ်တို့ကိုလည်း ပိုမိုကောင်းမွန်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားထားသည်။
သို့ဖြစ်ရာ
အသုံးပြုပြီးပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းများ၏အန္တရာယ်မှာ တစ်နေ့တခြားကြီးမားလာလျက်ရှိရာ
သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးနှင့်လူသတ္တဝါများ ကျန်းမာစွာရှင်သန်ရပ်တည်နိုင်ရေးအတွက်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးအသိဖြင့် ပါဝင်ဆောင်ရွက်ကြရန်
တိုက်တွန်းအပ်ပါကြောင်း။ ။
No comments:
Post a Comment