Wednesday, June 14, 2023

ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးအခြေခံစားကုန် တိုးတက်ထုတ်လုပ်

 



အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးအစည်းအဝေးကို ဇွန်လ ၁၂ ရက်နေ့က ကျင်းပခဲ့ရာ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုန်ဈေးနှုန်းများ ကြီးမြင့်ရသည့်အခြေအနေအရပ်ရပ်နှင့် အခြေခံစားကုန်များ လုံလောက်စွာထုတ်လုပ်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်၏လိုအပ်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ပြီးနောက်ပိုင်းတွင် ပြည်တွင်းမှ သဘောထားကွဲလွဲသည့် အဖွဲ့အစည်းများက စီးပွားရေးကဏ္ဍ ထိခိုက်အောင် ဆောင်ရွက်ခြင်း များရှိသကဲ့သို့ ပြည်ပမှလည်း အကြောင်းအမျိုးမျိုးပြပြီး စီးပွားရေးပိတ်ဆို့မှုများ၊ ထောက်ပံ့ပေးမှုများရပ်ဆိုင်ခြင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ကုန်သွယ်မှုနှင့်ပတ်သက်၍လည်း ရရှိသည့်ဝင်ငွေများကို ကန့်သတ်မှုများဆောင်ရွက်ခြင်းကြောင့် နိုင်ငံခြားငွေများ အသုံးပြုရာတွင် အကန့်အသတ်များ ဖြစ်ပေါ်ခဲ့သည်။

ငွေကြေးကွာဟချက်များအပေါ်မူတည်၍ ကုန်သွယ်ရေးတွင် ငွေကြေးကစားသူများက အဆိုပါအခြေအနေကို ကိုယ်ကျိုးအတွက် အမြတ်ထုတ်ရန် အသုံးချလာသည်ကို တွေ့ရသည်။ ဘဏ်လုပ်ငန်းများ ထိခိုက်အောင်လည်း ပြုလုပ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံ့စီးပွားရေးကို ထိခိုက်အောင်ပြုလုပ်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ငွေကြေးလည်ပတ်မှု ပြန်လည်တည်ငြိမ်အောင်လုပ်ဆောင်ခဲ့ရာ ထိုက်သင့်သည့် ပမာဏအထိ ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် အရှေ့ဥရောပဖြစ်စဉ်များကြောင့် လောင်စာဆီပြဿနာများဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးကျဆင်းမှုဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာတစ်ဝန်း၌ ကုန်စည်ဈေးနှုန်းကြီးမြင့်ခြင်း၊ စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ တက်လာခဲ့သည်။ တစ်ဆက်တည်းတွင် ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်မားလာခြင်းနှင့် ရောင်းလိုအားနှင့် ဝယ်လိုအားမမျှတခြင်းများဖြစ်ပေါ်ပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်လာခဲ့ရာ မြန်မာနိုင်ငံအပေါ်တွင်လည်း သက်ရောက်မှုများရှိလာခဲ့သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအလိုက် သွင်းအားစုများ ဈေးနှုန်းကြီးမြင့်မှုဖြစ်ပေါ်လာ သဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုစရိတ် မြင့်တက်လာခြင်းများရှိသည်။ တစ်ချိန်တည်းတွင် ဝိသမလောဘသားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုများကြောင့် ပြည်တွင်းကုန်ဈေးနှုန်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် မြင့်မားနေသည်ဟု ယူဆရသည်။

ကုန်စည်ဈေးနှုန်းများ မြင့်မားနေခြင်းအကြောင်းတွင် ထုတ်လုပ်မှုကုန်ကျစရိတ် များပြားခြင်း၊ ဝယ်လိုအားနှင့်ရောင်းလိုအား ကွာဟချက်ကြီးမားခြင်းနှင့် အဆင့်ဆင့်ရောင်းချမှုများ များပြားခြင်းကြောင့် ကုန်းဈေးနှုန်းမြင့်မားလာခြင်းဖြစ်သည်ကို တွေ့ရသည်။ ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်များ လျှော့ချရေးဆောင်ရွက်ရာတွင် နည်းလမ်းများရှိသော်လည်း ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။ ယင်းတို့တွင် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားခြင်းလည်းပါဝင်သည်။ လောင်စာဆီဈေးနှုန်း ကြီးမြင့်ခြင်းနှင့် လုံခြုံရေးအရ ကန့်သတ်ချက်များကြောင့်လည်း ကုန်ကျစရိတ်များ ပိုများနေသည်။ ထို့ကြောင့် ကုန်ကျစရိတ်သက်သာသော ရထားပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေးတို့ဖြင့် ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲကတိုက်တွန်းခဲ့ရာ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့သည်။

အခြားတစ်ခုမှာ ဒေသအလိုက် ဆန်၊ ဆီ၊ ပဲ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ သား၊ ငါး၊ ဥများ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိသဖြင့် ဒေသတွင်း၌ လိုအပ်ချက်များရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေသအလိုက်စိုက်ပျိုးမြေများ လုံလောက်စွာရှိသကဲ့သို့ တိရစ္ဆာန်အစားအစာများ ထုတ်လုပ်နိုင်သည့် စိုက်ပျိုးရေးထွက်ကုန်များ လုံလောက်စွာရှိသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်၍ ဒေသအလိုက်စားရေးကို အထောက် အကူပြုစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများလည်း ထုတ်ပေးထားပြီးဖြစ်သည်။ ယင်းတို့ကို ထိရောက်စွာအသုံးချ၍ ဒေသအလိုက် စားရေးလိုအပ်ချက်ကို လုံလောက်စွာထုတ်လုပ်၍ ရောင်းလိုအားနှင့် ဝယ်လိုအား မျှတမှုရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲက တိုင်းပြည်တွင် စီးပွားရေးနှင့်ပတ်သက်၍ ပကတိဖြစ်ပေါ်ခဲ့မှုများနှင့် လတ်တလောဖြစ်ပေါ်နေသော ကုန်စည်ဈေးနှုန်းမြင့်မားနေမှုများအပေါ် ဖြေရှင်းရန်နည်းလမ်းများကို ညွှန်ပြခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် ရောင်းလိုအားနှင့်ဝယ်လိုအားများ မျှတစွာဖြစ်ပေါ်ကာ ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းလာမည်ဖြစ်ပါကြောင်း။           

No comments:

Post a Comment