ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားကိုးဦးကို သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး တိမ်းမှောက် မီးလောင်ခြင်းကြောင့် ယာဉ်မောင်းအပါအဝင် လေးဦး မီးလောင်သေဆုံးခဲ့ပြီး ကျန်ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိမှုသတင်းနှင့် စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ရာ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများ သတိပြု ဖွယ်ရာပင်ဖြစ်သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားအများဆုံး သွားရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုမှာ ပွဲစားကိုငွေပေးပြီး ထိုင်းနိုင်ငံအတွင်းသို့ အထောက်အထားမဲ့ဝင်ရောက်ကြ ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာ(MoU) လမ်းကြောင်းမှတစ်ဆင့် တရားဝင်ရွှေ့ပြောင်း အလုပ်သမားများအဖြစ် သွားရောက်နိုင်သော်လည်း ပွဲစားကိုငွေပေးကာ အောက်လမ်းမှ သွားရောက်ခြင်းက ပိုမိုမြန်ဆန်လွယ်ကူသည်ဟု ယူဆကာ သွားရောက်နေကြခြင်းဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအဖြစ် သွားရောက်ကြရာတွင် လမ်းခရီးမှာကတည်းကပင် မလုံခြုံမှု၊ စိုးရိမ်ထိတ်လန့်ရမှု အမျိုးမျိုး၊ ဒုက္ခအမျိုးမျိုး၊ ဘေးအန္တရာယ်အမျိုးမျိုးတို့ ကြုံတွေ့ရလေ့ရှိပြီး လုပ်ငန်းခွင်များသို့ အလုပ် ဝင်ရောက်လုပ်ကိုင်ကြရာတွင်လည်း အလုပ်ရှင်၊ သူဌေး၊ အလုပ်ကြပ်တို့၏ ညှဉ်းပန်းနှိပ်စက်အနိုင်ကျင့် မှုကို ခံရခြင်း၊ ရသင့်ရထိုက်သည့် လုပ်ခလစာများ အပြည့်အဝ မပေးခြင်း၊ ထိန်းချုပ်ထားခြင်း၊ ပြင်ပသို့ သွားလာခွင့်မပေးဘဲ အကျဉ်းသား တစ်ဦးသဖွယ် ကန့်သတ်ထားခြင်းကဲ့သို့သော အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။ တရားမဝင် အလုပ်သမားများအနေဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေးများ မရရှိနိုင်သည့်အပြင် လွတ်လပ်စွာ သွားလာခြင်း၊ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ခြင်းကဲ့သို့သော အခွင့်အရေးများကိုလည်း ဆုံးရှုံးကြရသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့သို့ အကူး၊ သန်းခေါင်လွန်ချိန်တွင် အယုဒ္ဓယမြို့အထွက်၌ ဖြစ်ပွားခဲ့သည့် မော်တော်ယာဉ် တိမ်းမှောက်မီးလောင်မှုသည် ရဲများက လိုက်ဖမ်းသည်ကို မောင်းနှင်ထွက်ပြေးရာမှ အရှိန်မထိန်းနိုင်ဘဲ ကြမ္မာဆိုးနှင့် ကြုံတွေ့ကြရခြင်းဖြစ်ပြီး MoU လမ်းကြောင်းမှ တရားဝင် သွားရောက်ကြသည့် ရွှေ့ပြောင်းအလုပ်သမားများမှာ အထောက်အထားစာရွက်စာတမ်းအပြည့်အစုံဖြင့် လုံခြုံစိတ်ချစွာသွားရောက် လုပ်ကိုင်ကြရခြင်းဖြစ်သည်ကို နှိုင်းယှဉ်ကြည့်ကြရန်လိုသည်။ MoU လမ်းကြောင်းတွင် ထိုင်းအလုပ်ရှင်ထံမှ အလုပ်ခေါ်စာကို ထိုင်းအလုပ်သမားရုံးနှင့် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိတို့က စစ်ဆေးထောက်ခံထားကြပြီး မြန်မာအစိုးရဘက်က အတည်ပြုလက်ခံထားခြင်းဖြစ်ရာ လိမ်လည်ခြင်း၊ လူကုန်ကူးခြင်းအန္တရာယ်တို့ဖြစ်ပေါ်ရန် အကြောင်းမရှိဘဲ ကင်းရှင်းသည်။ ဆက်လက်၍ အလုပ်သမားရွေးချယ်ခြင်း၊ ဆေးစစ်ခြင်း၊ နိုင်ငံကူး လက်မှတ်ပြုလုပ်ခြင်း၊ အလုပ်ရှင်အလုပ်သမားစာချုပ်ကို အလုပ်သမားအရာရှိရှေ့တွင် ချုပ်ဆိုပြီး အရာရှိက စစ်ဆေးထောက်ခံခြင်း၊ အလုပ်သမားအမည်စာရင်းကို မြန်မာအစိုးရဘက်မှ အတည်ပြု ပြီး ထိုင်းအလုပ်သမားရုံးသို့ ပို့ခြင်း၊ ထိုင်းဘက်က ပြည်ဝင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုချက်အတွက် ပြင်ဆင်ခြင်း၊ မြန်မာဘက် တွင် e - Smart Card ပြုလုပ်ပြီး နယ်စပ်သို့ ထွက်ခွာခြင်း၊ ထိုင်းဘက်မှ နယ်စပ်မြို့တွင် ပြည်ဝင်ခွင့်ဗီဇာနှင့် အလုပ်လုပ်ခွင့် e - Work Permit ထုတ်ပေးခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်ခြင်းဟူ၍ တရားဝင်အဆင့်ဆင့် ဆောင်ရွက်ခြင်းဖြစ်ရာ ရွှေ့ပြောင်းအလုပ် သမားများအတွက် လွန်စွာလုံခြုံစိတ်ချရသလို တရားဥပဒေ၏ အကာအကွယ်နှင့် တရားဝင်ရပိုင်ခွင့် အခွင့်အရေးများကိုလည်း ရရှိကြသည်။
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများသည် မိမိတို့အတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ကိုယ်တိုင်သိရှိနားလည်ထားကြရန် လိုအပ်ပြီး ယင်းအတွက် အလုပ်သမားဝန်ကြီးဌာနနှင့် အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနတို့က တရားဝင်ထုတ်ပြန်ပေးထားသည့် မီဒီယာများမှ အချက်အလက်များ ရယူကြရန်လိုသည်။ အထူးသဖြင့် တရားမဝင် ပွဲစားများကို ရှောင်ရှားပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့်သာ တရားဝင်ရွှေ့ပြောင်းအလုပ်သမားများအဖြစ် တင့်တင့်တယ်တယ် အန္တရာယ်ကင်းရှင်း လုံခြုံစွာသွားရောက်အလုပ်လုပ်ကိုင်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment