နေပြည်တော် ဇွန် ၁၅
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သည့် မိုခါမုန်တိုင်းဒဏ်သင့် ကျန်းမာရေးဝန်ထမ်းများအား ဆန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် မုန်တိုင်းမကျရောက်မီ ကတည်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့် အညီ ကြိုတင်ပြင်ဆင်ခဲ့မှုကြောင့် ကျန်းမာရေးအဆောက်အအုံများနှင့် စက်ပစ္စည်းများ ထိခိုက်ပျက်စီး ဆုံးရှုံးမှုနည်းပါးခဲ့ကြောင်း၊ ကြိုတင်ဖွဲ့စည်းထားသည့် Rapid Response Team များကလည်း ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ မုန်တိုင်းအလွန်ကာလသည် မိုးတွင်းကာလဖြစ်သည့် အားလျော်စွာ သွေးလွန်တုပ်ကွေး ရောဂါ၊ ဝမ်းရောဂါများ စသည်တို့ ကူးစက်ပြန့်ပွားမှု မရှိစေရေး လိုအပ်သည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အားဖြည့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံ (infra-structure) နှင့် ကုသရေးပိုင်း ဆိုင်ရာများကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားသည် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် ကျန်းမာရေးဝန်ထမ်းများအား အနယ်နယ် အရပ်ရပ်မှ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများက ပရဟိတစိတ်၊ မိသားစုစိတ်ဓာတ်ဖြင့် ပထမအကြိမ် စုပေါင်းလှူဒါန်းသည့် ကျပ်ငွေသိန်း ၃၀၀ ကျော် တန်ဖိုးရှိ ဆန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ စုပေါင်းစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ပါက မည်သည့်အခက်အခဲမဆို အောင်မြင်စွာ ဖြတ်ကျော်နိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနအသီးသီးရှိ ဝန်ထမ်းမိသားစုများအတွက် ဆန်များ ထောက်ပံ့ပေးအပ်လှူဒါန်းပြီး ဝန်ထမ်းများကိုယ်စား ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း စစ်တွေမြို့သို့ရောက်ရှိကာ သင်တန်းကျောင်းပြင်ဆင် ဆောင်ရွက်ပြီးစီးနေမှု အခြေအနေနှင့် သင်တန်းသား သင်တန်းသူများ စာသင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ကာ အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် စစ်တွေမြို့ တိုင်းရင်းဆေးရုံသို့ ရောက်ရှိပြီး အဆောက်အအုံ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment