စစ်တွေ ဇွန် ၁၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်နှင့် စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် ကိုယ်ပွားသတင်းစာတိုက် (စစ်တွေ) တို့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ရောက်ရှိရာ စက်ရုံမှူးက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ပျက်စီးဆုံးရှုံးမှုများနှင့် ရုပ်သံထုတ်လွှင့်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။
ဆက်လက်၍ အဆိုပါ စက်ရုံဝင်းအတွင်းရှိ မီတာ ၁၀၀ Self Supporting Tower ကျိုးကျ ပျက်စီးမှု၊ မီတာ ၃၀ Guyed Tower အသစ် တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကိုယ်ပွားသတင်း စာတိုက် (စစ်တွေ)သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိုခါမုန်တိုင်း တိုက်ခတ်ခံခဲ့ရသော်လည်း စစ်တွေမြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက်ဝန်ထမ်းများ သေဆုံးမှုမရှိဘဲ ဌာနပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိသည့်အတွက် အားလုံးကိုကျေးဇူးတင်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် သတင်းများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက် ထုတ်ပြန်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည်များကို အမြန်ဆုံးပြုပြင် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး လူနှင့်စက်ကိရိယာပစ္စည်းများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိနိုင်ရန် စီမံဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အမြန်ဆုံး ပုံမှန်လည်ပတ်နိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်
No comments:
Post a Comment