Monday, June 12, 2023

စွမ်းရည်မြင့်မားစွာဖြင့် နိုင်ငံ့ဂုဏ်ဆောင်

 


ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ဇွန် (၃) ရက်မှ (၉) ရက် နေ့အထိ ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာမသန်စွမ်းအားကစားသမားများ ဇွန်လ ၁၀ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ လာရာ ရန်ကုန်လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆို ဂုဏ်ပြုကြသည့် မြင်ကွင်းမှာ ဝမ်းမြောက်ကြည်နူးဖွယ်ပင်ဖြစ်သည်။ မသန်သော်လည်း စွမ်းဆောင်နိုင်ခဲ့ကြသည့် မြန်မာမသန်စွမ်းအားကစားသမားများက အာဆီယံနိုင်ငံများမှ ပြိုင်ဘက်များနှင့်ယှဉ်ပြိုင်ကာ မိမိတို့၏ စွမ်းဆောင်ရည်များဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲပြီးတိုင်း ကျင်းပသည့်ပြိုင်ပွဲဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် မသန်သော်လည်း စွမ်းသူတို့၏ အရည်အသွေးကို မြှင့်တင်ပေးရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ၂၀၀၁ ခုနှစ်က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး နှစ်နှစ်လျှင် တစ်ကြိမ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပပြီးတိုင်း ကျင်းပခြင်းဖြစ်ရာ ယခု ၂၀၂၃ ခုနှစ်တွင် ကျင်းပ သည့် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲမှာ (၁၂) ကြိမ်မြောက်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ကစားနည်းပေါင်း ၁၄ နည်း ထည့်သွင်းကျင်းပပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပြိုင်ပွဲဝင်အားကစားသမားများ ၁၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ အားကစားသမား ၈၂ ဦးတို့က ကစားနည်းပေါင်း (၈) နည်းဖြစ်သည့် မျက်မမြင်စစ်တုရင်၊ မျက်မမြင်ဂိုးလ်ဘော၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ အလေးမ၊ ဘောလုံး၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်တို့တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၃ ခု၊ ကြေးတံဆိပ် ၁၀ ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ် ၂ ခု၊ အလေးမအားကစားနည်းမှ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု၊ Goalball (မျက်မမြင်) အားကစားနည်း မှ ကြေးတံဆိပ် ၁ ခု စုစုပေါင်း ဆုတံဆိပ် ၅၆ ခု ဆွတ်ခူးရရှိ ခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၆ တွင် ရပ်တည်နိုင်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းထုတ် ပြန်သည့်အစီရင်ခံစာတစ်ရပ်အရ ကမ္ဘာ့လူဦးရေ သန်း ၁၀၀၀ ကျော်သည် မသန်စွမ်းမှုတစ်မျိုးမျိုးကို ခံစားနေရသူများဖြစ် သည်ဟုဆိုသည်။ ယင်းအနက် မသန်စွမ်းသူလူဦးရေ သန်းပေါင်း ၉၀ ခန့်တို့မှာ အာဆီယံဒေသတွင် ရှိနေကြသည်။ မသန်စွမ်းသူများဆိုသည်မှာ မွေးရာပါဖြစ်စေ၊ ထိခိုက်ဒဏ်ရာရမှုကြောင့်ဖြစ်စေ၊ ကျန်းမာရေးကြောင့်ဖြစ်စေ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာတို့ ထိခိုက်သူ၊ ချို့ယွင်းသူများဖြစ်သည်ဟူ၍ ဖွင့်ဆိုသည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ မိမိတို့နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း၊ အရေအတွက် အားဖြင့် ၂ ဒသမ ၃ သန်းကျော်မှာ ကိုယ်အင်္ဂါ၊ အမြင်အာရုံ၊ အကြားအာရုံ၊ ဉာဏ်ရည် စသည့်တစ်ခုခုတွင် မသန်စွမ်းသူများ ဖြစ်သည်။

မသန်စွမ်းသူများဆိုရာတွင် ရုပ်ပိုင်း/စိတ်ပိုင်း တစ်ခုခုထိခိုက်ချို့ယွင်းနေသော်လည်း ကျန်အပိုင်းက မချို့မယွင်းဘဲ ပိုမိုကောင်းမွန်၊ ပိုမိုထက်မြက်၊ ပိုမိုသန်စွမ်းနေလေ့လည်း ရှိတတ်သည်။ မိမိတို့၏ အားသာချက်ကို ဇွဲလုံ့လဝီရိယတို့ဖြင့် စွမ်းရည်မြင့်မားအောင်မြှင့်တင်ကာ မသန်သော်လည်း စွမ်းဆောင်နိုင်သူများ ကမ္ဘာနှင့်အဝန်းတွင်ရှိနေကြသည်။ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲဝင် မြန်မာမသန်စွမ်း အားကစားမောင်မယ်များအနေဖြင့်လည်း မိမိတို့၏ စွမ်းရည်ကိုပြသကာ ဒေသတွင်း နိုင်ငံများအကြား နိုင်ငံတော်၏ ဂုဏ်ကိုဆောင်နိုင်ခဲ့ကြသည်။ အနာဂတ်ပြိုင်ပွဲများတွင် အားကစားနည်းများအားလုံး စွမ်းရည်မြင့်မားစွာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ယူနိုင် ရေးအတွက် မျှော်မှန်းကာ လက်ရှိအောင်မြင်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ကြိုးပမ်းကြရပါမည့်အကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

No comments:

Post a Comment