Monday, June 12, 2023

စားသောက်ကုန်များ ဖူလုံအဆင်ပြေရေးကြိုးပမ်း

 


စားရေရိက္ခာ ဖူလုံအဆင်ပြေခြင်းသည် ပြည်သူများရှင်သန်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသောကဏ္ဍဖြစ်သည်။ တစ်နေ့တခြား တိုးပွားလာသောလူဦးရေအတွက် စားရေရိက္ခာလောက်ငဖူလုံအောင် နိုင်ငံအများက အစဉ်ကြံဆ ကြိုးပမ်းဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် ရေခံ၊ မြေခံ၊ သဘာဝအခြေခံကောင်းများစွာ ပိုင်ဆိုင်ထားသဖြင့် တိုးပွားလာသောလူဦးရေအတွက် လိုအပ်မည့်စားရေရိက္ခာနှင့်ပတ်သက်၍ ပူပန်စရာမရှိပေ။

လက်ရှိတွင်အစိုးရအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နေသည်။ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရန် ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်လျက်ရှိသည်။

“တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး” စီးပွားရေးဦးတည်ချက်ပါအတိုင်း စားရေရိက္ခာဖူလုံရေးကို တစိုက်မတ်မတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည်။ အဓိကမှာ ပြည်သူများ၏ လူမှုဘဝ၌ နေ့စဉ်အရေးကြီးသည့် စားရေးနှင့်ပတ်သက်၍ အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရေးကို အလေးထားဆောင်ရွက်နေကြသည်။ လက်ငင်းတွင် ပြည်သူများကြုံတွေ့နေရသည်မှာ စားရေရိက္ခာအတွက် အခက်အခဲမရှိသော်လည်း ဝယ်ယူစားသုံးရေး၌ တစ်နေ့တခြား ဈေးနှုန်းကြီးမြင့်လာမှုကို ခံနေရပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်သည် ဇွန်လ ၁၀ ရက်နေ့က သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေး ဇုန်သို့သွားရောက်စစ်ဆေးစဉ် “ပြည်သူလူထုအနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို နေ့စဉ်မဖြစ်မနေ ဝယ်ယူစားသုံးနေရသောကြောင့် အခြေခံစားကုန်များ ဈေးနှုန်းကြီးမားမှုမရှိစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အလေးထားအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများအနေဖြင့် မိမိတို့စတင်တာဝန်ယူစဉ်ကပင် စီးပွားရေးပိတ်ဆို့ခြင်း၊ ကုန်ပစ္စည်းများ ဈေးနှုန်းတက်အောင်ဆောင်ရွက်ခြင်း၊ ငွေကြေးလည်ပတ်မှု အခက်အခဲဖြစ်အောင် ဆောင်ရွက်ခြင်းများဖြင့် နိုင်ငံရေးအခက်အခဲအကျပ်အတည်းများဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း” ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် စားရေးအတွက်စိုးရိမ်ပူပန်မှု ကြီးကြီးမားမားမရှိဘဲ အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးလိုကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ လူမှုစီးပွားဘဝအဆင်ပြေစေရေးအတွက် စားရေရိက္ခာဖူလုံရေးကို အလေးထားဆောင်ရွက်ပေးနေသည်။ သို့သော် အချို့လုပ်ငန်းရှင်များအနေဖြင့် မတော်လောဘကြောင့်သော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း နိုင်ငံတွင် အခက်အခဲအကျပ်အတည်းများဖြစ်လာအောင် ပြုလုပ်မှုများရှိနေသည်ဟု သုံးသပ်မိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် နှောင့်ယှက်မှုများကို ဖြေရှင်းကျော်လွှားခဲ့ပြီးဖြစ်သည်။ ထပ်မံကြုံတွေ့လာမည့် အခက်အခဲများကို ဆက်လက်ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါသည်။

စီးပွားရေးတွင် ပြည်သူလူထုအကျိုးကိုရှေးရှု၍ စားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ ဆန်၊ ဆီစသည့် စားသောက်ကုန်ပစ္စည်းများ လုံလောက်အောင်ထွက်ရှိသည်။ ဆန်၊ ဆီ၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့်ပတ်သက်၍ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးတို့မှ အလုံအလောက်ထွက်ရှိသည်။ လူဦးရေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့နေပြည်သူများအတွက် ခရီးမဝေးဘဲ နေ့စဉ်ပို့ဆောင်ရောင်းဝယ်ဖောက်ကားနေကြသည်။ ပို့ဆောင်ရေးစရိတ်မှာ ကြီးကြီးမားမားရှိမည်မဟုတ်သော်လည်း စားသောက်ကုန်များ မူရင်းဒေသပေါက်ဈေးထက် အဆမတန်ဈေးနှုန်းကွာဟနေသည်။

ထို့ကြောင့် စားသောက်ကုန်များ ဈေးနှုန်းမကြီးမြင့်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရန်၊ ဝိသမလောဘသားများအနေဖြင့် စားသုံးကုန်ဈေးနှုန်းများကို ထိုက်သင့်သည့်ဈေးထက် ပိုမိုဈေးတင်ရောင်းချနေမှုအပေါ် တာဝန်ရှိသူများအနေဖြင့်စိစစ်ရန်၊ အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်မခံရစေရေး ဒေသတွင်းရှိ ကုန်ထုတ်လုပ်မှုစွမ်းအားဖြင့် ဆောင်ရွက်ရန်နှင့် ပြင်ပမှတင်သွင်းမှုများကို သက်သာသောဈေးနှုန်းဖြင့် ရရှိရေးဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲ ၏ မှာကြားချက်များကို အလေးထားဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment