နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီးလူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ
သန်ပန်ချောင်းရပ်ကွက်သို့သွားရောက်၍ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက်
ပိတ်ဆို့နေသောစွန့်ပစ်ပလပ်စတစ်နှင့်အမှိုက်များ ပြန်လည်ဆယ်ယူတူးဖော်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ထို့အပြင် ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား
ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု
စစ်ဆေးခဲ့သည်။
ထို့အတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြိုသို့ရောက်ရှိနေသော
ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့သစ်ရပ်ကွက်ရှိ
ဝိမလလမ်းနှင့် မြို့လယ်ရေနုတ်မြောင်းအတွင်းရှိ အမှိုက်များကင်းစင်ရေးနှင့်
ရေစီး/ရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများ
ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။ ထို့နောက် မြို့သစ်ရပ်ကွက်ရှိ
ဦးဥတ္တမခန်းမ၌ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် ကျေးရွာ အုပ်စု ၁၆ အုပ်စုတို့မှ
ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ရောက်ရှိနေသော
ဗိုလ်ချုပ်သောင်းထိုက်ရွှေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၁၉ ရက်တွင်
အလယ်ဈေးရပ်ကွက်ရှိ မဟာပညာသီဟာရာမ ပရိယတ္တိစာသင်တိုက်နှင့် ဆင်ချဆိပ်ရပ်ကွက်ရှိ
ရတနာတေဇာရမ္မဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ သွားရောက်၍ ဆရာတော်များအား
ဖူးမြော်ကြည်ညိုခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌနမှ ထောက်ပံ့သော
နဝကမ္မအဖြစ် ထောက်ပံ့ငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့အတူ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ရောက်ရှိနေသော
ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင်
မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကီမိုခန်းမ၌ မုန်တိုင်းဒဏ်ကြောင့်
ပျက်စီးခဲ့သည့် မှုံးတနှုံး၊ မောစုန်းကြီး၊ ကြက်မအိုင်အရှေ့၊
ကျောက်ပျဉ်ထောင့်နှင့် ကျောက်ဖျာကျေးရွာတို့မှ စာသင်ကျောင်းများနှင့်
ဘာသာ/သာသနာအဆောက်အဦများ ပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ
သက်ဆိုင်ရာကျေးရွာများမှ တာဝန်ရှိသူများကလက်ခံရယူခဲ့ပြီး လိုအပ်သည်များ
ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment